ဩဂုတ် ၁၅၊ The Nation Voice
ကယားပြည်နယ်၊ဖရူဆိုမြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စကစတပ်သားတွေကို ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စကစအဖွဲ့ဝင်(၄)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့ KNDF B-15 ကထုတ်ပြန်ပါတယ်။ ဩဂုတ်(၁၁)ရက်နေ့မနက်(၈)နာရီလောက်က စကစတပ် အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကနေ အင်အား(၃၀)ခန့်နဲ့ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့အချိန် KNDF B-15 နဲ့အတူ KA တပ်တို့က ခုခံတိုက်ခိုက်ခဲ့ရာ စကစဘက်က တစ်ဦးသေဆုံးခဲ့ပါတယ်။
ဩဂုတ်(၁၃)ရက်နေ့ မနက်(၆)နာရီကျော်လောက်မှာလည်း ဖရူဆိုမြို့အခြေစိုက် စကစ ခမရ(၅၃၁)တပ်ကနေ အင်အား(၁၅၀)ခန့်နဲ့အတူ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းကို ထပ်မံစစ်ကြောင်းထိုးလာခဲ့ပြီးဒေသခံတပ်တွေဖြစ်တဲ့ KNDF B-15 နဲ့ KA တပ်တို့က ပြန်လည်ခုခံတိုက်ခိုက်ရာ စကစဘက်က(၃)ဦးထပ်မံသေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ကရင်နီပူးပေါင်းတပ်တွေဘက်က တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပခုလက်ရှိ ကယားပြည်နယ်ထဲမှာ စကစနဲ့ဒေသခံပူးပေါင်းတပ်တွေ မကြာခနတိုက်ပွဲတွေဖြစ်ပွားနေပြီး စကစဘက်ကအသေအဆုံးတွေများသလို ဒေသခံပူးပေါင်းတပ်တွေဘက်ကလည်း အကျအဆုံးအနည်းငယ်ရှိနေပါတယ်။ ဒါ့အပြင် စကစတပ်တွေဟာ ရည်ရွယ်ချက်ရှိရှိဒေသခံကျေးရွာတွေကို လေယာဉ်တွေနဲ့ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက်တာတွေကို လုပ်ဆောင်လျက်ရှိနေပြီး အဲ့ဒီဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေလည်းထိခိုက်သေဆုံးမှု ရှိနေပါတယ်။

