ဩဂုတ် ၁၅၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးကားလမ်းပေါ်မှာရှိတဲ့ စကစရဲ့မအူဂိတ်စခန်းကို ဒေသခံ(ပ.က.ဖ)ပူးပေါင်းတပ်တွေက ဒီကနေ့မနက် (၂)နာရီလောက်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပြောက်ကျားစစ်ထိုးစစ်ဆင်ခဲ့ပြီး စကစအဖွဲ့ဝင်(၆)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Chindwin Attack Force ကထုတ်ပြန်ပါတယ်။
ဒေသခံပူးပေါင်းတပ်တွေဘက်က အဆက်မပြတ်ထိုးစစ်ဆင်ခဲ့ပြီး စကစအဖွဲ့ဝင်တွေနဲ့(၄၅)မိနစ်ဝန်းကျင်ကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
စကစဘက်ကလည်း စက်လက်တွေအပါအဝင် (၄၀)မမလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ဒေသခံပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ် သိရပါတယ်။
“(၄၅)မိနစ်ကျော် အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း စကစအကြမ်းဖက်မှာ ( ၆ ) ကောင်ကျော်ပွဲချင်းပြီးသေဆုံးပြီး ဒီထက် ပိုမို သေဆုံး နိုင်သည်ဖြစ်၍ အတိအကျအကျအဆုံးစာရင်း ဆက်လက်စုံစမ်းနေပါကြောင်း သတင်းကောင်းပေးလိုက် ပါသည်”လို့ Chindwin Attack Force ကသူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၂)၊တပ်ရင်း(၃)၊တပ်ရင်း(၄)နဲ့အတူ အခြားဒေသခံ(ပကဖ)အများအပြားက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
