ရင်ပေါင်တိုင်ရွာဖြစ်စဉ် နေ့စွဲအလိုက်မှတ်တမ်း 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်နှစ်ခုကြားမှာရှိတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အချို့အပြင် ဒေသခံတွေလည်းသေဆုံးခဲ့ရသလို လက်နက်ခဲယမ်းအချို့ကိုလည်း စစ်ကောင်စီကသိမ်းဆည်းသွားပါတယ်။  ဘာကြောင့် ရွာငယ်လေးတစ်ခုကို ရဟတ်ယာဉ်ငါးစီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရသလဲဆိုတာ The Nation Voice က စုစည်းဖော်ပြလိုက်ရပါတယ်။

ဩဂုတ်လ (၁၁)ရက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ခရီးတစ်ခုကအပြန် ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ကျေးရွာမှာ ခေတ္တနားခိုခဲ့ပါတယ်။ အဲဒီ နားခိုတဲ့နေရာ အတိအကျကို စစ်ကောင်စီသတင်းပေးသူကြောင့် အကြမ်းဖက်စစ်တပ်ကစစ်သားတွေကို လေကြောင်းကနေ လာချတဲ့အပြင် တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ရွာကို အပေါ်ကနေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဘက်က ရလိုက်သလို ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့စစ်ကောင်စီလော်ဘီတွေဘက်က PDF (၇)ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ပုလဲနယ်က ဗိုလ်နဂါးနဲ့ ချင်းပြည်နယ်မှာ ဆေးကုသရေးတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာအငြိမ်းတို့ အင်တာဗျူးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့အတွက် ဒေါက်တာအငြိမ်းဟာ စစ်ကောင်စီ သတင်းပေးလုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပြီး အငြိမ်းကြောင့် မဟုတ်ဘူးဆိုတာကို ဗိုလ်နဂါးက မီဒီယာမှာ ရှင်းလင်းထားပါတယ်။

ဩဂုတ်လ (၁၂) ရက်

ဩဂုတ်လ (၁၂)ရက်မှာတော့ ရင်ပေါင်တိုင်ရွာပတ်ပတ်လည်က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွာထဲမှာ ပိတ်မိနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် (၈၀)ကို ကယ်ထုတ်နိုင်ဖို့နဲ့ ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ထုတ်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြရပါတယ်။ ရင်ပေါင်တိုင်ရွာဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေသလို PDF စခန်းအချို့ စီးနင်းခံထားရတာလည်း မကြာသေးတဲ့အတွက်တိုက်ပွဲဖော်ဆောင်ရတာ မလွယ်ကူခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရင်ပေါင်တိုင်ရွာနဲ့ အေးကုန်းရွာကြားကPDF စခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ဝင်သိမ်းခဲ့တာကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃)ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ရပါတယ်။

တော်လှန်ရေးရဲဘော်တွေရဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ရွာထဲက ချင်းရဲဘော်တွေနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြတာကြောင့် အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဟာ သူတို့စီးနင်းထားတဲ့ ရွာအတွင်းမှာ သူတို့ကိုယ်တိုင် ပြန်လည်ပိတ်မိသွားတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာထဲက ဆိုင်ကယ်ဝပ်ရှာ့ပ်တွေနဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ယင်းမာပင်ဟာ ပျူစောထီးအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးကို အမာခံကူနေတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အညှိုးနဲ့ရက်စက်စွာ တစစီ ဆွဲဆုတ်ခံခဲ့ရပါတယ်။

ရွာထဲကနေလွတ်မြောက်လာခဲ့သူတွေရဲ့ ပြောကြားချက်တွေအရ စစ်ရှောင်တွေအတွက် ရှာဖွေစုဆောင်းထားတဲ့ရိက္ခာတွေ၊ ဈေးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်ဖျက်ဆီးကြရုံမက လူတွေကိုပါ ရိုက်နှက်ဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

ရွာထဲမှာပြည်သူတွေရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေဟာ လက်နက်ကြီးတွေကို မသုံးဘဲ တိုက်ပွဲဆင်နွှဲနေချိန်မှာ စစ်ကောင်စီတပ်တွေကတော့ ရွာထဲမှာ လူတွေသတ် နေခဲ့ပါတယ်။ ဒါ့အပြင် PDF ရဲဘော်နှစ်ဦးကိုလည်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

 ဩဂုတ်လ (၁၃) ရက်

ဩဂုတ်လ (၁၃)ရက်မှာတော့ ရွာထဲမှာ ပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေ အကုန်လုံးနီးပါး လွတ်မြောက်လာခဲ့ပြီး လေးဦး ပျောက်ဆုံးနေခဲ့ပါတယ်။ ပျောက်ဆုံးနေသူ လေးဦးအနက် နှစ်ဦးကတော့ ဩဂုတ်လ (၁၂)ရက်နေ့ကကျဆုံးခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့ ကျေးရွာထဲမှာရှိနေဆဲဖြစ်ပြီး ပြည်သူ (၁၀၀)ကျော်ဟာ လည်းရွာထဲမှာ အတူတူ ပိတ်မိနေကြဆဲပါ။

ဩဂုတ်လ (၁၄) ရက်

စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အင်အားကို နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ တစ်ဖွဲ့က တော်လှန်ရေးကို အမာခံကူနေတဲ့ ပြည်သူ (၂၆)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ပုလဲနယ်ဘက်ကနေ ထွက်ခွါဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကူမျှော်နေတဲ့ စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြန်မတိုက်ခိုက်နိုင်တဲ့အတွက် ရွာကို မီးရှို့နေခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ စစ်ကူတွေဟာ ရင်ပေါင်တိုင်ကို မရောက်လာခဲ့ကြပေမယ့် မုံရွာနဲ့ ဆားလင်းကြီး အထိုင်တပ်တွေဆီကိုတော့ တောက်လျှောက် အင်အားတွေ ဖြည့်တင်းနေခဲ့တာပါ။ ဒီအင်အားဖြည့်တင်းမှုဟာ ဆားလင်းကြီနဲ့ ယင်းမာပင်တစ်ကြောကို ရှင်းလင်းရေးလုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံ PDF တွေက သုံးသပ်ကြပါတယ်။

ဩဂုတ်လ (၁၄)ရက် ညပိုင်းမှာတော့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ငဲ့ကွက်တဲ့အနေနဲ့ တော်လှန်ရေးရဲဘော်တွေဟာ တိုက်ပွဲကို အလျော့ပေးပြီး စစ်ကောင်စီတပ်ကို ရွာထဲကနေ ထွက်စေခဲ့ပါတယ်။ PDF တပ်ဖွဲ့တွေထဲကပျောက်ဆုံးနေတဲ့ နှစ်ဦးကို အသက်ရှင်လျှက်ပြန်လည်တွေ့ရှိခဲ့ပေမယ့် တစ်ယောက်က ဒဏ်ရာတွေ ရရှိထားပြီးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ စစ်ကောင်စီတပ်သား နှစ်ယောက်ရဲ့အလောင်းကိုလည်း လက်နက်နဲ့တကွတွေ့ရှိခဲ့ပါတယ်။

 ဩဂုတ်လ (၁၅) ရက်

ကျေးရွာထဲမှာ မိုင်းတွေဆင်သွားမှာစိုးတာကြောင့် ရှင်းလင်းရှာဖွေရေးတွေ လုပ်နေရင်း ဩဂုတ်လ (၁၅)ရက်မွန်းလွဲပိုင်းအထိ ရွာထဲမှာတွေ့ရတဲ့ အသက်မဲ့ခန္ဓာကိုယ်တွေ (၂၀) ထက်မနည်းပါဘူး။ အဲဒီလူတွေကို အတည်ပြုနိုင်သူတွေရှိသလို အတည်မပြုနိုင် သေးတာတွေလည်း ရှိပါတယ်။ ရှင်းလင်းရှာဖွေရေးတွေဟာလည်း မပြီးစီးသေးပါဘူး။

အိမ်ခြေ (၁,၀၀၀) ဝန်းကျင်ရှိပြီး သာယာတဲ့ ထန်းတောတွေ၊ ဘုရားကျောင်းကန်တွေနဲ့ အညာရနံ့သင်းတဲ့ ရင်ပေါင်တိုင်ရွာဟာ စစ်ကောင်စီတပ်တွေ ထွက်သွားပြီးတဲ့နောက် မီးခိုးနံ့နဲ့ အပုတ်နံ့တွေ လှိုင်နေတဲ့ သုဿန်တစပြင်ကြီးသဖွယ် ကျန်ရစ်ခဲ့ရပါတယ်။

ရင်ပေါင်တိုင်ရွာကပျက်စီး သေဆုံးမှုဖြစ်စဉ်တွေဟာသတင်းပေးကြောင့်လို့ အများကယူဆကြပြီး သတင်းပေးလို့ယူဆရတဲ့ သူကို ဖမ်းဆီးထားတယ်လို့ သိရပေမယ့် နောက်ဆက်တွဲ သတင်းကိုတော့ စုံစမ်းလို့ မရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *