ရန်ကုန်နဲ့ မန္တလေးမြို့တွေ တည်ငြိမ်အေးချမ်းနေပုံရတယ်လို့ ဂျပန်အမတ်ပြော

သြဂုတ် ၁၄၊ The Nation Voice

မြန်မာနိုင်ငံက ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေဟာ တည်ငြိမ်အေးချမ်းနေပုံ ရပါတယ်လို့ ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဝါတာနာဘေးက သူရဲ့ လူမှုကွန်ယက်အကောင့်ကနေ ထုတ်ပြန်ပြောဆိုချက်မှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ တောင်ဒဂုံမြို့နယ်က လူငယ်အချို့ ဆန္ဒပြမှုကို ရုပ်သံရိုက်ကူးနေစဉ် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား တိုရူ ကူဘိုတာကို လွှတ်ပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌက ကတိပေးခဲ့တယ်လို့ အဲဒီလွှတ်တော်အမတ်က ပြောဆိုရင်း ရန်ကုန်နဲ့ မန္တလေးက တည်ငြိမ်အေးချမ်းနေတဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သူပြောဆိုတဲ့အထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း ဝန်ကြီးချုပ်လို့ သုံးစွဲထားပြီးတော့ သူတို့နိုင်ငံသားကို လွှတ်ပေးမယ့်ရက်နဲ့ အချိန်ကို ပြန်ပြောမယ်လို့ စစ်ကောင်စီက ကတိပေးခဲ့တာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ “ သိပ်မကြာခင် လွှတ်ပေးမယ်၊ လွှတ်မယ့်အချိန်နဲ့ ရက်စွဲကို ပြန်ပြောမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ် ” လို့ တိုရူ ကူဘိုတာ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုချက်ကို မစ္စတာ ဝါတာနာဘေးက ပြန်ပြောပါတယ်။

မြန်မာခရီးစဉ်ကနေ ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိပြီး၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ကူဘိုတာကို ချက်ချင်းလွှတ်ပေးဖို့ သွားရောက် တောင်းဆိုခြင်းဖြစ်ကာ အမြန်ဆုံး လွတ်လာမယ်လို့ ယုံကြည်ကြောင်း မစ္စတာ ဝါတာနာဘေးက ဒီကနေ့ ဩဂုတ်လ (၁၅) ရက်မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးဟောင်းနဲ့ လက်ရှိ အာဏာရပါတီရဲ့ အောက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာ ဟီရိုမီချီ ဝါတာနာဘေးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၁) ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၆) နှစ်ခန့် အရွယ်ရှိတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးသမား တိုရူ ကူဘိုတာကို ဇူလိုင်လကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ စတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုထားပြီး အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ဖို့လုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *