သြဂုတ် ၁၄၊ The Nation Voice
ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်တာ သတင်းအမှားဖြစ်ပြီးတော့ စက်သုံးဆီရောင်းချမှု ရပ်တန့်တာ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေကို အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အစိုးရက သတင်းအမှားတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မှာ စက်သုံးဆီပြတ်တာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြည်သူတွေက စက်သုံးဆီအရောင်းဆိုင်တွေကနေ လိုသလောက်ဝယ်ယူလို့မရနိုင်တော့ဘဲ ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း တပြိုင်နက်တည်း ခံစားနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ မနေ့က ဆိုင်ကယ်ဆီဖြည့်တာ လမ်းဘေးဆိုင်မှာ တစ်လီတာကို (၃,၀၀၀) ပေးခဲ့ရတယ်။ ဆိုင်တွေကို သွားဖြည့်ရင် ဒီဇယ် လုံးဝမရတော့ဘူး။ 92 ကို 95 ဆိုပြီး ရောင်းနေကြပြီ။ တစ်ချို့ဆိုင်တွေ ဆိုင်သာဖွင့်ထားတာ ဆီကမရှိဘူး။ တကယ်ကိုမရှိတာ။ မယုံရင် သူတို့ ဆီလှောင်ကန်တွေကို ခေါ်ပြပေးတယ် ” လို့ ရန်ကုန်မြို့ခံတစ်ဦးက The Nation Voice ကို ပြောပါတယ်။
ဒီလိုအခြေအနေကို စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖိအားပေးပြီး စက်သုံးဆီဈေးနှုန်းတွေ မှန်ကန်မှုရှိစေရေးနဲ့ ဆီပြတ်လပ်မှုမရှိစေရေးတို့ကို ကြပ်မတ်ဆောင်ရွက်နေတယ်ဆိုပြီး သတင်းအမှား တစ်ခုကို ထုတ်ပြန်ထားတာပါ။ လက်ရှိအချိန်မှာတော့ စက်သုံးဆီတင်ယာဥ်တွေဟာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ ဆီထုတ်ယူဖို့အတွက် စောင့်ဆိုင်းနေကြရပြီး ဆီရရှိဖို့ လွယ်ကူတဲ့အခြေအနေမှာ ရှိမရှိဘူးလို့လည်း သိရပါတယ်။
