ကံမမြို့နယ် ရေနံ့သာရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

သြဂုတ် ၁၆၊ The Nation Voice

မကွေးတိုင်း၊ သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတစ်ခုကို လက်နက်ကိုင်လူတစ်စုက မနေ့ကညပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံမမြို့နယ် ရေနံ့သာရဲစခန်းကို မနေ့ကည (၁၁) နာရီကျော်မှာ လူတစ်စုဆိုင်ကယ်နဲ့ရောက်လာပြီး မောင်းပြန်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲစခန်းထဲကလည်း ပြန်လည်ခုခံပစ်ခတ်တာတွေရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် မိနစ် (၂၀) ခန့်ကြာမြင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ရဲ့လုပ်ဆောင်ချက်ဆိုတာကို မသိရသေးသလို ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းထဲ ထိခိုက်ပျက်စီး၊ သေဆုံးဒဏ်ရာရတဲ့အခြေအနေလည်း မသိရသေးပါဘူး။

ရေနံ့သာရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒီကနေ့မနက်ပိုင်းမှာ ရဲစခန်းထဲ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အင်အားဖြည့်တင်းထားကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *