ဩဂုတ် ၁၆၊ The Nation Voice
ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာနေပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ဟားခါးဘက်ကနေ ထန်တလန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သီမစ်ချောင်း အနီးတဝိုက်မှာ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၃၀ရက်ကနေ ဒီကနေ့ ဩဂုတ် ၁၆ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
“ထန်တလန်နယ်စိုးမိုးရဖို့ဆိုရင် အခုနေရာ ထိုးဖောက်မှ ရမယ်လို့ တွက်ထားပုံရတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ဒီတော့ သူတို့ဘက်က ပြင်ဆင်မှုတွေ ပိုလုပ်လာတဲ့အနေအထားပဲ”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ကတချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ဟားခါးမြို့ကနေ လက်နက်ကြီးမျိုးစုံနဲ့ နေ့စဉ်ထုနေတယ်။သုံးကြိမ်လောက် ဟက်စကီးနဲ့ ကျည်ဆံလာဖြည့်နေတယ်။ ဖိုက်တာ(တိုက်လေယာဉ်) တစ်ခါ လာပေမယ့် ရာသီဥတုကြောင့် ထင်တယ် ပြန်လှည့်သွားတယ်” ဟု ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဆက်လက် ကျယ်ပြန့်စွာ ဖြစ်လာနိုင်တယ်လို့လည်း ဆလိုင်းထက်နီကပြောပါတယ်။

