ဩဂုတ် ၁၆၊ The Nation Voice
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်တပ်ယာဉ်နဲ့ စစ်ကောင်စီတပ် ကင်းပုန်းတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ဩဂုတ် ၁၆ရက် မနက်ပိုင်းက စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့သလို မနေ့ကလည်း စစ်ကောင်စီယာဉ် (၂)စီးနဲ့ စစ်ကောင်စီကင်းပုန်းတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
မြိုင်မြို့နယ်၊တဲကြီးရွာနဲ့နယ်သတ်ရွာကြားမှာ မနေ့ကဩဂုတ် ၁၅ရက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေသေဆုံးမှုရှိခဲ့တဲ့နေရာမှာ ထပ်မံကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဩဂုတ် ၁၆ရက် မနက်စောက မိုင်း(၉)လုံးနဲ့ တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

မနေ့က နေ့လည်ပိုင်းက စစ်ကောင်စီယာဉ်(၂)စီးကို မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကားကို အနည်းငယ်သာ ထိခိုက်ခဲ့ပေမဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးဟာကြောက်လန့်ပြီး သစ်ပင်အောက်သို့ ဝင်ပုန်းခဲ့လို့ မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ (၃)ဦး လဲကျသေဆုံးပြီး (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်လို့ ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ရှားသင့်ကြောင်းလည်း မြိုင် ပကဖက သတိပေး မေတ္တာရပ်ခံထားပါတယ်။
