ဩဂုတ် ၁၆၊ The Nation Voice
ရန်ကုန်ကပြည်သူတွေကို ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ထားခဲ့မှာမဟုတ်သလို ရန်ကုန်ကို မသိမ်းနိုင်တဲ့အချိန်အထိ ဘယ်တော့မှစွန့်ခွာမှာမဟုတ်ဘူးလို့ မှော်ဘီပြောက်ကျားအဖွဲ့တွေကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နဲ့နေရာမှာလည်း ပြည်သူတွေမထိခိုက်စေတဲ့ စစ်ဆင်ရေးတွေနဲ့ပဲ တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
” မိမိတို့ မှော်ဘီတော်လှန်ရေးအင်အားစုက လုပ်နိုင်သော အလုပ်မျိုးစုံကို ပြည်သူ့အထောက်အပံ့နှင့် ဆက်လက်ရပ်တည်ပါရစေဗျာ ” လို့ Hmawbi Revolutionforce က လူမှုကွန်ယက်ကနေ ပြည်သူကိုအသိပေးထားပါတယ်။
လက်ရှိမှာ လက်နက်ခဲယမ်းနဲ့ လက်နက်လိုအပ်ချက်တွေရှိနေပေမယ့် အလှူငွေကို အမြဲတစေ ကောက်ခံမှာမဟုတ်ဘဲ မြေအောက်တော်လှန်ရေး စစ်ဆင်ရေးတွေကိုတော့ တစ်လမှာ သုံးကြိမ်လောက် လုပ်ဆောင်မြဲ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အမြဲတစေ ထုတ်ပြန်ချက်မထုတ်ရခြင်းကလည်း Page အနေနဲ့ အနီရောင်ဖြစ်နေခြင်းနဲ့ စစ်ဆင်ရေးလုပ်ဆောင်ရာမှာ ရန်သူက အထင်မကြီးစေဖို့ ရည်ရွယ်ထားတဲ့အတွက် သိုသိပ်ကွယ်ဝှက်ရပ်တည်နေရခြင်းဖြစ်တယ်လို့ ထပ်လောင်းအသိပေးထားပါသေးတယ်။
ရံဖန်ရံခါ မြေအောက်ပြောက်ကျားတွေအနေနဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့အသိပေးတာတွေကို မလုပ်နိုင်တာဟာ ရန်ကုန်ကို စွန့်ခွါသွားတာမျိုးမဟုတ်ဘဲ ရန်ကုန်ကို ဘယ်အကြောင်းနဲ့မှ မထားရက်ခဲ့သလို ပြည်သူလူထု ထိခိုက်မယ့် ဘယ် Mission မျိုးကိုမှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ မှော်ဘီတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
