အာဏာသိမ်းစစ်တပ်နဲ့အဆက်အစပ်ရှိတဲ့ဘဏ်ကို ဗြိတိန်ဘဏ္ဍာရေးသတင်းအချက်အလက်အဖွဲ့က မြန်မာ့အကောင်းဆုံးဘဏ်ဆုပေး

သြဂုတ် ၁၆၊ The Nation Voice

ဒဏ်ခတ်အရေးယူမှုခံထားရတဲ့မြန်မာအာဏာသိမ်းစစ်တပ်နဲ့နီးစပ်တဲ့ဘဏ်တစ်ခုကို ဂုဏ်ရှိတဲ့ဆုတစ်ဆုပေးအပ်ခဲ့တဲ့အတွက် ဆုပြန်ရုတ်သိမ်းပေးဖို့ ဦးဆောင်နေတဲ့ဗြိတိန်ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍသတင်းအချက်အလက်အဖွဲ့ကို မြန်မာတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ လန်ဒန်အခြေစိုက်သတင်းအချက်အလက်အဖွဲ့ Euromoney ရဲ့ United Amara Bank(UAB) ကို ဇူလိုင်လမှာ အကောင်းဆုံးဘဏ်ဆုပေးလိုက်တဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံသားတွေကို သစ္စာဖောက်လိုက်တာလို့ Justice For Myanmar အဖွဲ့ကပြောပါတယ်။

မြန်မာနိုင်ငံက အဓိကစီးပွားရေးလုပ်ငန်းရှင်တွေကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီးရက်ပိုင်းအကြာ မတ်လမှာ ပိုင်ရှင်အသစ်တွေလက်အောက် ရုတ်တရက်ပြန်လည်တည်ဆောက်မှုမလုပ်ခင်အထိ မြန်မာစစ်တပ်နဲ့ အချိတ်အဆက်ရှိတဲ့ နေအောင် က UAB ဘဏ်ကို ထိန်းချုပ်ထားပါတယ်။ နေအောင်ဟာ မြန်မာစစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်တယ်လို့ ဖေဖော်ဝါရီလဒဏ်ခတ်အရေးယူမှုတွေမှာ ဥရောပသမဂ္ဂက အသိပေးပါတယ်။

UAB ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်တာမရှိပေမဲ့ နေအောင်ရဲ့လုပ်ငန်းကြီး International Group of Entrepreneurs (IGE) က မြန်မာစစ်တပ်ကို ထောက်ပံ့မှုနဲ့ အကျိုးအမြတ်ရမှုတွေရှိနေတယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။နေအောင်ကိုလည်း ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ထားတာမရှိပါဘူး။ အလုပ်အမှုဆောင်အဖြစ်ကနေ ၂၀၁၇ ခုနှစ်နဲ့ ရှယ်ယာပိုင်ရှင်အဖြစ်ကနေ ၂၀၂၂ ခုနှစ်မှာ နေအောင် ရပ်ဆိုင်းခဲ့တယ်လို့ UAB ကပြောထားပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ နေအောင်ကို UAB ဥက္ကဋ္ဌအဖြစ် ဘဏ်ဝက်ဆိုက်ကကြော်ငြာပို့စ်တွေမှာဖော်ပြထားလို့ သူဟာ အာဏာရှိတဲ့နေရာချုပ်ကိုင်ထားကြောင်းနဲ့ ဘဏ်ကိုကြီးကြပ်ကွပ်ကဲရာမှာ တက်တက်ကြွကြွပါဝင်နေကြောင်း ဖော်ပြနေပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအာဏာသိမ်းမှုမတိုင်မီသီတင်းပတ်ပိုင်းအလိုမှာ ရုပ်သံတီဗွီအစီအစဉ် Money Hunt မှာ နေအောင်က ဒိုင်တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပြီး သူ့အကြောင်းမိတ်ဆက်ရာမှာ UAB နဲ့ IGE ဥက္ကဋ္ဌအဖြစ် ပြောထားပါတယ်။ မြန်မာကုမ္ပဏီမှတ်ပုံတင်အချက်တွေအရ နေအောင်ဟာ ဥရောပသမဂ္ဂက IGE ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ပြီး ၄ ရက်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်အထိ UAB မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ စာရွက်စာတမ်းတွေအရတော့ UAB ကို Capital Link Investment နဲ့ Future Growth Investment တို့က ပိုင်ဆိုင်ကာ ကုမ္ပဏီ ၂ ခုစလုံးကို ဥရောပသမဂ္ဂဒဏ်ခတ်အရေးယူမှုတွေဖြစ်လာပြီး ၈ ရက်အကြာ မတ် ၁ ရက်မှာ ပေါင်းစည်းထားတာဖြစ်ပါတယ်။

ဆုပေးခဲ့တဲ့အတွက် Euromoney ကို တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ “နေအောင်နဲ့သူ့ရဲ့ခရိုနီကုမ္ပဏီတွေကို တရားမဝင်အာဏာသိမ်းစစ်တပ်နဲ့အချိတ်အဆက်ရှိနေတဲ့အတွက် ဒဏ်ခတ်အရေးယူမှုတွေမဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ ဆုတွေပေးရမှာမဟုတ်ပါဘူး” လို့ Justice for Myanmar ရဲ့ပြောခွင့်ရသူတစ်ဦးကပြောပါတယ်။ ၅ နှစ်အတွင်း ၁၂၀ ရာခိုင်နှုန်းအထိ UAB တိုးတက်လာပြီး ရုပ်သံအစီအစဉ်ကနေ စွန်ဦးတီထွင်လုပ်ငန်းရှင်တွေကို အားပေးနေတဲ့အတွက် ထူးချွန်ဆုပေးခဲ့တာလို့ Euromoney ကပြောပါတယ်။ “UAB ဟာ ဒဏ်ခတ်အရေးယူခံထားရတဲ့လုပ်ငန်းမဟုတ်ပါဘူး။ မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ဆက်စပ်မှုကင်းမဲ့တဲ့ လူတစ်ဦးတစ်ယောက်ချင်းစီကပိုင်ဆိုင်တဲ့ကုမ္ပဏီတွေကပိုင်ဆိုင်တာပါ။

စစ်တပ်ပိုင်လို့ကျွန်တော်တို့ယုံကြည်တဲ့ဘဏ်တွေကို Euromoney က လုံးဝဆုမပေးပါဘူး”လို့ Euromoney စာတည်း လူဝီစီ ဘိုးမန်းကပြောပါတယ်။ နေအောင်ရဲ့ဖခင်ဖြစ်သူ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ်ကြာအောင် မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက ထိန်းချုပ်ခဲ့ချိန်မှာ စက်မှုဝန်ကြီးဖြစ်ခဲ့တဲ့ ကွယ်လွန်သူ အောင်သောင်းကို ၂၀၁၄ ခုနှစ်မှာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေမှာပါဝင်တယ်လို့ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ နေအောင်ရဲ့အကို မိုးအောင်ဟာ လက်ရှိမြန်မာရေတပ်ဦးစီးချုပ်ဖြစ်ပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတွေမှာ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထပ်တူနီးပါးအာဏာရှိပါတယ်။ Euromoney အခြေစိုက်တဲ့ဗြိတိန်နိုင်ငံကတော့ နေအောင်ရော၊ IGE ကိုရော ဒဏ်ခတ်အရေးယူထားခြင်းမရှိပါဘူး။

Source – Finance Uncovered Photo – Finance Uncovered

Leave a Reply

Your email address will not be published. Required fields are marked *