KNUနယ်မြေမှာ စစ်ရှောင် (၃)သိန်းခွဲကျော်ထိရှိလာပြီလို့ အသိပေး

ဩဂုတ် ၁၆၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်ဘေးရှောင် ပြည်သူ (၃) သိန်းခွဲကျော်ရှိလာပြီလို့ KNUက ဒီကနေ့ ထုတ်ပြန်ပါတယ်။ KNU သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွေမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပေါ်လာတာနဲ့အမျှ ဒေသတွင်းက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ခရိုင်တွေအတွင်းက အတည်ပြုလို့ရတဲ့ စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ သထုံခရိုင်က (၉၄၇၆၈) ဦး၊ တောင်ငူခရိုင်က (၇၅၃၇) ဦး၊ ညောင်လေးပင်ခရိုင်က(၆၁၈၉၈) ဦး၊ ဘိတ်−ထားဝယ်ခရိုင် က(၆၀၀၀)ဦး၊ မူတြော်ခရိုင်က(၉၆၁၈၀)ဦးနဲ့ ဒူးပလာယာခရိုင်က(၉၀၂၉၁) ဦး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ (၃၅၆၆၇၄)ဦး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး စာရင်းကောက်ခံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့လုံခြုံရေးလိုအပ်ချက်တွေကို KNU နဲ့ KNU လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က သက်ဆိုင်ရာအခန်းကဏ္ဍတွေအလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေကို နေ့စဉ်ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျစရိတ်တွေနဲ့ စစ်ရေးလိုအပ်ချက်တွေကို စီစဉ်ဆောင်ရွက်နေရတဲ့ အပြင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက်လည်း တပြိုင်တည်း စီစဉ်ဆောင်ရွက် နေရတယ်လို့ KNU က ထုတ်ပြန်အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *