ဩဂုတ် ၁၇၊ The Nation Voice
လက်ရှိတော်လှန်ရေးဖြစ်စဉ်အတွက် အရေးကြီး လိုအပ်ချက်တွေနဲ့အားနည်းချက်တွေကို အမြန်ဆုံး ပြင်ဆင်တည့်မတ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့တိုက်တွန်းကြောင်း တော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်အင်အားစု (၃၀)ကျော်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ဆီ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ဒီလိုပေးပို့ရာမှာ NLD,CRPH,NUG,NUCC နဲ့ ERO တွေအပါအဝင် တော်လှန်ရေးဦးဆောင်တာဝန်ယူထားကြသူအစုအဖွဲ့တွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ထက် ပိုမိုအားကောင်း၊ခိုင်မာပြီး ကတိကဝတ်တွေ တည်မြဲစေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော် ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်အတွက် ပင်လုံစာချုပ်နဲ့ အလားတူ တန်ဖိုးထားအပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အပိုင်း(၁)ပါ အချက်တွေကို ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ခြွင်းချက်မရှိ လေးစားလိုက်နာကြပြီး ဗမာပြည်မနယ်မြေ ယူနစ် နယ်နိမိတ် အကောင်အထည်ဖော်ရေး အပါအဝင် အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးရေးဆွဲ အကောင်အထည်ဖော် ဖို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးကို ကြန့်ကြာနေစေတဲ့ အခြေအနေတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို ပွင့်လင်း ပြတ်သားစွာ ဆုံးဖြတ် ဆောင်ရွက်ကြဖို့လည်း လူငယ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။ လက်တွေ့မကျတဲ့ လှုံ့ဆော်မှုတွေနဲ့ မျှော်လင့်ချက်အမှားတွေအစား နိုင်ငံရေးဖြစ်စဉ်နဲ့သတင်းအချက်အလက်မျတွေက်ု ဦးဆောင်သူတွေက နိုင်ငံရေး တာဝန်ခံမှုရှိရှိနဲ့လူထုကိုစဉ်ဆက်မပြတ် အသိပေးနေဖို့လည်း လူငယ်အင်အားစုတွေရဲ့ တိုက်တွန်းချက်မှာ ပါရှိပါတယ်။

