သြဂုတ် ၁၇၊ The Nation Voice
ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဖို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်း ဟေဇာက တောင်းဆိုထားခြင်းမရှိလို့ အာဏာသိမ်းစစ်တပ်ပြောခွင့်ရသူ ဇော်မင်းထွန်းက အင်္ဂါနေ့ညပိုင်းမှာပြောပါတယ်။ နိုလင်း ဟေဇာက ဒီနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ခန့်မှန်းရပါတယ်။ ဒေါက်တာ နိုလင်း ဟေဇာ နေပြည်တော်ရောက်ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေက ကြိုဆိုခဲ့ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်သံက အင်္ဂါနေ့ညပိုင်းမှာ ဖော်ပြပါတယ်။
မင်းအောင်လှိုင်၊ အာဏာသိမ်းစစ်တပ်ထိပ်တန်းဝန်ကြီးတွေနဲ့ ဟေဇာ တွေ့ဆုံမယ်လို့ ခန့်မှန်းထားပေမယ့် ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ၊မရှိကတော့ အတိအကျမသိရသေးပါဘူး။ ပျက်စီးနေတဲ့အခြေအနေနဲ့ ချက်ချင်းစိုးရိမ်ရမယ့်ကိစ္စရပ်တွေကို သူကထုတ်ပြောဖို့ အာရုံစိုက်သွားမယ်လို့ ကုလသမဂ္ဂက ပြောထားပေမယ့် ခရီးစဉ်အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်မပြောပါဘူး။ အာဏာသိမ်းစစ်တပ်ပြောခွင့်ရသူကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်သေးပါဘူး။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ဇော်မင်းထွန်း ပုံမှန်သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ ခန့်မှန်းရပါတယ်။
