သြဂုတ် ၁၇၊ The Nation Voice
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာအနေနဲ့ မင်းအောင်လှိုင်ကို တရားဝင်မှုပေးတဲ့အခြေအနေမျိုးကို ရှောင်ရှားဂရုပြုရန်နဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ရပ်တည်လှုပ်ရှားဆောင်ရွက်ဖို့အတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က မနေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။

အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီနေ့အထိ ပြည်သူလူထုအပေါ် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ မုဒိန်းမှုကျူးလွန်တာ၊ လူအခွင့်အရေးချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတာတွေဟာ ပိုမိုးဆိုးရွာလာတဲ့အတွက် အခုလိုတောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံတွေကို ချက်ခြင်းရပ်တန့်စေဖို့၊စစ်အုပ်စုက လေယာဥ်၊ လက်နက်ကြီး သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တာတွေကို ရပ်တန့်စေဖို့၊ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားတွေကို ချွင်းချက်မရှိလွတ်မြောက်စေဖို့တို့ကို စီမံဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် လူသားခြင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေကို အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကနေတစ်ဆင့် အတားအဆီးမဲ့ အမြန်ဆုံးကူညီထောက်ပံ့ပေးနိုင်ဖို့တို့ကိုလည်း အထိရောက်ဆုံးစီမံဆောင်ရွက်ပေးရေးတို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။