မြိုင်ပကဖရဲ့ မိုင်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၈ဦးသေ၊ တိုက်ခိုက်တဲ့နေရာကို စစ်ဆေးရာ ကျည်နဲ့စစ်အသုံးအဆောင်ပစ္စည်းတွေရ

ဩဂုတ် ၁၇၊ The Nation Voice

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စစ်ကောင်စီတပ်တွေကို ဩဂုတ် ၁၅ရက်နဲ့ ၁၆ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၈)ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ မြိုင်ပကဖက တိုက်ခိုက်မှု သတင်းနောက်ဆက်တွဲအခြေအနေကို ဖော်ပြခဲ့ပါတယ်။

မြိုင်မြို့နယ်၊တဲကြီးရွာနဲ့နယ်သတ်ရွာကြားမှာ စစ်ကောင်စီကား(၂)စီးကို ဩဂုတ် ၁၅ရက်က တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့၊အဲဒီနေရာမှာပဲ စစ်ကောင်စီကင်းပုန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကား (၂)စီးတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်က (၁)ဦးသေ၊ (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုအပြီးမှာ ကြောက်လန့်ထွက်ပြေးတဲ့ စစ်ကောင်စီ ကင်းပုန်းတပ်ဖွဲ့ဝင် (၄)ဦးဟာလည်း မိုင်းနဲ့တိုက်ခိုက်ခံရလို့ (၃)ဦးသေ(၁)ဦးဒဏ်ရာရခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်အသိပေးထားပါတယ်။

ဩဂုတ် ၁၆ရက်မှာ ထပ်မံကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တဲကြီးရွာနဲ့နယ်သတ်ရွာကြားမှာပဲ မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ခိုက်ခဲ့တဲ့နေရာတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ ခဲယမ်း၊ကျည်တွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တာလို့ မြိုင်ပကဖက အသိပေးခဲ့တဲ့အပြင် အဲဒီနေရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈)လောင်းနဲ့ ဒဏ်ရာရသူ (၂) ဦးကို Faw ကားနဲ့သယ်သွားတယ်လို့ သိရကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *