ဩဂုတ် ၁၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရင်ပေါင်တိုင်ရွာခံ (၂၄)ဦး ထက်မနည်းကို ဖမ်းသွားပြီးခဲ့ပါတယ်။
အဲ့ဒီထဲက (၂)ဦးကို မနေ့ ဩဂုတ် ၁၇ရက်က ပြန်လွှတ်ပေးကာ သူတို့စစ်ကြောင်း တိုက်ခိုက်ခံရရင် ဖမ်းထားသူတွေကို သတ်ပစ်မယ်လို့ သတင်းစကားပေးလာကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“သူတို့ကို မတိုက်ခိုက်လို့ရှိရင် ဓားစာခံတွေကိုလည်း ဘာမှ မလုပ်ဘူး ပြည်သူလူထုကိုလည်း ဘာမှမလုပ်ဘူး။ သူတို့ကို တိုက်ခိုက်မယ်ဆိုရင် ဓားစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်ဗျ” လို့ သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရင်ပေါင်တိုင်ရွာကနေ ပြန်လည်ထွက်ခွာသွားရာမှာ လမ်းတလျှောက် ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊စျေးဆိုင်နဲ့နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ရက်မှာ ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းကနေပစ်ခတ်မှု၊မြေပြင်တပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူတွေ သေဆုံးထိခိုက်ရှိခဲ့ပါတယ်။အိမ်မွေးတိရိစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။
အဲဒီရွာကို ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်ရှိနေတာကို စစ်ကောင်စီတပ်က သတင်းရပြီး တိုက်ခိုက်လာတာဖြစ်ကြောင်း၊တိုက်ခိုက်မှုဖြစ်တဲ့နေ့မှာ ချင်းတပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးပြီး (၂)ဦး ဖမ်းဆီးခံရကြောင်း ဒေသ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဩဂုတ် ၁၂ရက်နဲ့၁၃ရက်နေ့တွေမှာလည်း ရင်ပေါင်တိုင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။
အခုအချိန်ထိ ရွာခံတွေ ရွာထဲ ပြန်မဝင်ရဲသေးကြောင်းနဲ့ဒေသခံ PDF တွေက ကျေးရွာအတွင်း ဝင်ရောက်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရပါတယ်။
