သြဂုတ် ၁၈၊ The Nation Voice
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးမှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားပြီး နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊ အားကောင်းတဲ့ လေဖိ အားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိကာ (၃၆) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတဲ့အတွက် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကတော့ ဒီနေ့မွန်းတည့်ကနေ နောက် (၂၄) နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ဟာ ဒီနေ့မွန်းတည့်ချိန်မှ နောက် (၂၄) နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်သလို လှိုင်းအမြင့် (၉) ပေကနေ (၁၃) ပေလောက်အထိ လှိုင်းကြီးမယ်လို့ မိုးဇလက ထုတ်ပြန်အသိပေးပါတယ်။
