စစ်ကိုင်းနဲ့ မကွေးရဲ့ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အလုပ်သမား (၁၀၀) ကျော်ကို တရုတ်အထည်ချုပ်စက်ရုံက အလုပ်ဖြုတ်

သြဂုတ် ၁၉၊ The Nation Voice

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း(မြန်မာကိုင်ဒိုလမ်းကြား)မှာရှိတဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်မှာ (H&M) ဖြစ်ပါတယ်။

အဆိုပါစက်ရုံက (၈)လပိုင်း (၁)ရက်နေ့ကစပြီး ၅ မျဉ်းစောင်းနဲ့ ၈ မျဉ်းစောင်းအလုပ်သမားတွေကို လုပ်ငန်းခွင်ထဲမှာ စာရင်းကောက်ပြီး အလုပ်သမား (၁၀၀ )ကျော်ကို အလုပ်ထုတ်လိုက်တယ်လို့ Federation of General Workers Myanmar – FGWM က ထုတ်ပြန်ပါတယ်။

” ကျွန်မကတော့ စစ်ကိုင်းဇာတိကပါ။ ရန်ကုန်ရောက်တာ (၈)နှစ်ရှိပါပြီ။ ဇူလိုင်လကုန်ခါနီးမှာ မန်နေဂျာရုံးခန်းအတွင်း စူပါများနှင့် အစည်းအဝေးလုပ်ကြပါတယ်။ အစည်းအဝေးလုပ်ပြီးနောက်ပိုင်း စူပါများမှ လိုင်းဘိုင်လိုင်းအလိုက် ၅/ ၊ ၈/စာရင်းများလိုက်ကောက်ပါတယ်။ အဲလိုလိုက်ကောက်လဲပြီးရော စူပါများမှ ကျွန်မတို့ကို အလုပ်ထုတ်ရမည်ဟု ပြောကြားလာပါတယ်။ ကျွန်မတို့ကဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်၊ ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ။ အဲလိုမှမထွက်ရင် စစ်တပ်ကလာတဲ့အခါ နင်တို့ကိုထည့်ပေးလိုက်မယ်”ဟုပြောပါတယ်၊ အဲဒါကြောင့် ကျွန်မလည်း (၁) ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ရပါတယ် ” လို့ အလုပ်သမားတစ်ဦးက FGWM ကို ပြောပြခဲ့ပါတယ်။

“ ကျွန်မကတော့ မအိအိဖြစ်ပါတယ်။ မကွေးတိုင်း အင်းကန်ဇာတိပါ မိသားစုလိုက် လှိုင်သာယာကို ပြောင်းရွှေ့လာကြတာ(၅)နှစ်ကျော်ပါပြီ။ ကျွန်မကတော့(၅) ရက်နေ့မှာအထုတ်ခံခဲ့ရတာပါ။ မန်နေဂျာ ကိုယ်တိုင်ထုတ်တာပါ၊ အလုပ်ထုတ်စာ မပေးပါဘူး။ အလုပ်ထုတ်နစ်နာကြေးလည်း မပေးပါဘူး။ စစ်တပ်နဲ့ ဖမ်းခိုင်းမယ်ဆိုလို့ ထွက်ခဲ့ရတာပါ “ လို့ အလုပ်သမားတစ်ဦးကလည်း ထပ်မံပြောဆိုထားပါတယ်။

အဲဒီ စက်ရုံက စစ်ကိုင်းနဲ့မကွေး အလုပ်သမားတွေကို သြဂုတ်လ (၁)ရက်နေ့ကနေ (၆) ရက်နေ့အတွင်း အယောက် (၈၀) ကျော်လောက်ထိ အလုပ်ထုတ်ခဲ့ပြီး (၁၃)ရက်နေ့မှာ စစ်ကောင်စီဘက်က လူကြီးတွေ စက်ရုံထဲကိုရောက်လာပြီး (၁၄)ရက်နေ့နောက်ပိုင်းမှာ ကျန်ရှိနေတဲ့နေတဲ့ အယောက်(၂၀)လောက်ကို ထပ်မံအလုပ်ထုတ်ခဲ့တဲ့အတွက် စုစုပေါင်း အလုပ်ထုတ်ခံရတဲ့အရေအတွက်ဟာ (၁၀၀) ကျော်အထိရှိတယ်လို့ သိရပါတယ်။

စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း(၂,၅၀၀)ကျော်ရှိနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *