သြဂုတ် ၁၉၊ The Nation Voice
သင့်လျော်တဲ့အချိန်မှာ အကျဉ်းကျနေတဲ့ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်း ဟေဇာတို့ တွေ့ဆုံနိုင်အောင် လမ်းဖွင့်ပေးထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောတယ်ဆိုပြီး ကုလသမဂ္ဂက ကြာသပတေးနေ့မှာပြောပါတယ်။ သူ့(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ကျန်းမာရေးကြောင့် ချက်ချင်းတွေ့ဆုံခွင့်မပြုသေးတာလို့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ဟေဇာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောတယ်ဆိုပြီး ကုလသမဂ္ဂဒုတိယပြောခွင့်ရသူ ဖာဟန် ဟာ့က်ကပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေပါတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြတဲ့ ပြစ်မှုအများအပြားနဲ့ စွဲချက်တင်ထားပါတယ်။ နေပြည်တော်မှာ သူ့ကိုအကျဉ်းချထားပြီး အာဏာသိမ်းစစ်တပ်က သူ့ကို ပြင်ပလူတွေနဲ့ တွေ့ဆုံခွင့်ပြုဖို့ ငြင်းဆိုထားပါတယ်။
ဟေဇာရဲ့ပထဆုံးမြန်မာနိုင်ငံခရီးစဉ်မှာ အကြမ်းဖက်မှုအားလုံးချက်ချင်းရပ်ဖို့၊ အရပ်သားအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီနည်းအတိုင်းပြန်သွားမယ့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ခံဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့နဲ့ သူနဲ့တွေ့ဆုံခွင့်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဟေဇာက တောင်းဆိုခဲ့ပါတယ်။ (၂)ရက်ကြာမြန်မာနိုင်ငံခရီးစဉ်ကနေပြန်သွားပြီးနောက် မြန်မာနိုင်ငံကတိုးတက်မှုတွေဟာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ နိုင်ငံသားတွေနေ့စဉ်ဘဝမှာ သိသာမြင်သာတဲ့တိုးတက်မှုတွေရှိဖို့အပေါ် မူတည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဟေဇာကပြောပါတယ်။
