ဩဂုတ် ၁၉၊The Nation Voice
စစ်ကိုင်းတိုင်း အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်(ပကဖ)ဟာ သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Shot Gun တွေကို အများပြည်သူသိရှိနိုင်စေဖို့ ထုတ်ဖော်ပြသလာပါတယ်။ အဲ့ဒီသေနတ်တွေဟာ 12 Gauge ကျည်ထည့်အသုံးပြုရတာဖြစ်ပြီး ချေမှုန်းရေးနဲ့ ကာကွယ်ရေးအတွက် အလွန်ထိရောက်တဲ့ လက်နက်တွေလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် PDF ရဲဘော်တွေနဲ့ ရပ်ကျေး(ပကဖ)တွေကိုလည်း အတိုင်းအတာတစ်ခုအထိ လက်နက်တပ်ဆင်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကာကွယ်ရေးရဲဘော်များနှင့်ရပ်ကျေးပကဖများ ထံလည်းအတိုင်းအတာတစ်ခုအထိ တပ်ဆင်ထားပြီး ဖြစ်သည်”လို့ မုံရွာ(ပကဖ)က သူတို့ရဲ့လူမှုကွန်ယက်မှာပြောထားပါတယ်။ မြို့နယ်ပကဖတွေရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ထိရောက်စွာနဲ့အလက်ရေများများထုတ်လုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း တပါတည်းပါဝင်ကူညီပေးကြဖို့ကိုလည်း မုံရွာ(ပကဖ)မှ တိုက်တွန်းထားပါသေးတယ်။ မုံရွာ(ပကဖ)ဟာ ဩဂုတ်(၁၂)ရက်နေ့တုန်းကလည်း ပြောင်းအရစ်ပါ ဘောက်ထိုးရိုင်ဖယ်တွေအပြင် မိုင်းအမျိုးအစားအမျိုးမျိုးကိုလည်း ထုတ်ဖော်ပြသခဲ့ပါသေးတယ်။














