လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မိုင်းထောင်တယ်ဆိုတာ သူ့ပထွေးတွေအတွက် ခံတပ်တစ်ခုလို လုပ်ပေးသွားတာလို့ ဒေသခံပြော

သြဂုတ် ၁၉၊ The Nation Voice

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း(၇၈)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့မှာ တော်လှန်ရေးအဖွဲ့တွေက ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြလာပါတယ်။ အဲဒီနင်းမိုင်းတွေကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Myanmar ချီဂွေဗားရားအဖွဲ့က ဖော်ထုတ်ရရှိခဲ့တာဖြစ်ပြီး အဲဒီမိုင်းတွေနဲ့ပဲစစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ပြန်လည်အသုံးချသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ ဟိုတလောတုန်းက PDF တွေက စစ်ကောင်စီရှိတဲ့ အဲဒီ စီမံကိန်းနေရာကို လက်နက်ကြီးတွေအလုံးအရင်းနဲ့ပစ်တော့ တရုတ်တွေက စစ်တပ်ကိုအကြောင်းကြားပြီး အကာကွယ်ပေးခိုင်းတယ်လို့ထင်တယ်။ အဲဒီနောက်ပိုင်း ပစ်ခတ်မှုတစ်ချို့ရှိခဲ့သေးတယ်။ ဒီနောက်ပိုင်း စစ်တပ်က အဲဒီမိုင်းတွေကို သူတို့ပထွေးတွေအတွက် ထောင်ပေးခဲ့တာလို့တော့ထင်တယ်။

သူတို့က လုံခြုံရေးအမြဲမပေးနိုင်တော့ ပတ်ပတ်လည်ကို မိုင်းတွေထောင်ပေးခဲ့ကြတာ ” လို့ လက်ပံတောင်းတောင်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့တပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်ဖြန့်ထားရပြီး လက်ပံတောင်းတောင်ကို ခြိမ်းခြောက်ခံလာရပြီးတဲ့နောက်မှာ ကြေးနီစီမံကိန်းကို ထိခိုက်ရင် အနီးနားရွာတွေကို မီးရှို့မယ်လို့ခြိမ်းခြောက်ခဲ့ကာ အဲဒီကြေးနီစီမံကိန်း လုံခြုံဖို့အတွက် ကြံရာမရဖြစ်ပြီး အခုလိုလုပ်ဆောင်သွားတာဟာ တော်လှန်ရေးသမားတွေအတွက် အမြတ်ထွက်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *