ဩဂုတ် ၂၀၊ The Nation Voice
အာဏာသိမ်းစစ်တပ်ရဲ့ မတရားကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကိုဖြိုးဇေယျာသော်အတွက် ဂုဏ်ပြု ဗွီဒီယိုကို ဒီကနေ့ ညနေ (၆)နာရီမှာ ပဒေသာပင် Page ကနေ ထုတ်လွှင့်မယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ မတရားသတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော် တော်လှန်ရေးအတွက် အသက်ပေးစတေးခဲ့ရပြီးနောက် သူ့အတွက် နည်းလမ်းမျိုးစုံနဲ့ ဂုဏ်ပြုဖော်ပြကြတာတွေရှိပါတယ်။ “စတင်ခြင်း”နဲ့ မြန်မာလူငယ်တွေကြား ဟစ်ဟော့ကို စတင်မိတ်ဆက်ခဲ့တဲ့ ကိုဖြိုးဇေယျာသော်ဟာ နိုင်ငံရေးလောကထဲကို ဝင်ရောက်ပြီးချိန်မှာတော့ သီချင်းတွေဆက်မလုပ်ဖြစ်တော့ပေမယ့် ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်မှာ အယ်လ်ဘမ်အသစ်ထုတ်ဖို့ ပြင်ဆင်နေခဲ့သူဖြစ်ပါတယ်။
ကိုဖြိုးဇေယျာသော်အနေနဲ့ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို မခံရခင်က သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းသစ်”ငါတို့ဒဏ္ဍာရီ”ကိုလည်း We Click Channel က သူ့ပရိတ်သတ်နဲ့ တော်လှန်ရေးအတွက် ရည်မှန်းကာ တင်ဆက်ပေးထားခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော် နိုဗန်ထူးကလည်း ဇေယျာသော်ရဲ့ ဒြပ်မဲ့သွားခြင်းကို နောက်ပုံစံတစ်မျိုးနဲ့ တော်လှန်ရေးအတွက် ရည်မှန်းကာ ပြန်လည် ဖန်တီးထားတင်ဆက်ထားခဲ့ပါသေးတယ်။ Nitric Acid ဟာ “သူရဲကောင်း” အဖြစ်၊ “ရဲစွမ်းသတ္တိ” အဖြစ်၊ ဒီမိုကရေစီစနစ် နဲ့ မြန်မာနိုင်ငံသစ် တည်ဖို့ တွန်းအားအဖြစ် ပြည်သူတွေရဲ့ရင်ထဲမှာ ဆက်ပြီးရှင်သန်နေမှာဖြစ်တယ်လို့ဆိုကာ ပဒေသာပင် Page ကနေ အသိပေးရေးသားထားပါတယ်။
ပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ကိုဖြိုးဇေယျာသော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၄)ရက်နေ့က စစ်ကောင်စီရဲ့ သေဒဏ်ပေး ကွပ်မျက်တာကို ခံလိုက်ရတာဖြစ်ပြီး သူ အပါအဝင် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ စစ်တပ်ကိုတော်လှန်နေတဲ့ အရပ်သား ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ဟာလည်း ကြိုးပေးသတ်ခံခဲ့ရတာဖြစ်ပါတယ်။
