သြဂုတ် ၂၀၊ The Nation Voice
စွဲချက်တင်ထားတဲ့အမှုတွေကို တရားရုံးဆုံးဖြတ်ချက်ပြီးမှသာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ဖို့ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သောကြာနေ့မှာပြောပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့အစိုးရပိုင်ရုပ်သံမှာဖတ်ပြခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့လက်ရေးမှတ်ချက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့ကုလသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးကိုတုံ့ပြန်တဲ့အနေနဲ့ ဖြစ်လာတာပါ။
“စီရင်ချက်ချပြီးမှ ဒီကိစ္စကို ကျွန်တော်စဉ်းစားပါမယ်။ သူ့ကို ပြင်းထန်တဲ့စွဲချက်တွေမတင်ထားဘဲနဲ့ ပိုပြီးပြင်းထန်တဲ့ကိစ္စတွေလုပ်နိုင်ပေမဲ့ ထောက်ထားညှာတာခဲ့ပါတယ်”လို့ မင်းအောင်လှိုင်က ထုတ်ပြန်ချက်မှာပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အာဏာသိမ်းမှုနောက်ပိုင်း ရာထူးကဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လမှာ နေပြည်တော်က သီးခြားအချုပ်ခန်းဆီ ရွှေ့ပြောင်းခဲ့တယ်လို့ စစ်တပ်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် (၃၀)မှာလည်း အချိန်အများစု နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းမှုနောက်ပိုင်း အကျင့်ပျက်ခြစားမှုကနေ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုအထိပြစ်မှုအနည်းဆုံး (၁၈) မှုနဲ့ စွဲချက်တင်ထားပြီး ထောင်ဒဏ်နှစ်တော်တော်များများကျခံရဖို့လည်း ဆုံးဖြတ်ထားပါတယ်။ စွပ်စွဲမှုတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောထားပြီး စွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။
