ရေစကြိုနယ် ငတရော်ရွာမှာ စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ်(၅၀၀)ကျော် ပြာကျခဲ့ပြီး ရွာသူရွာသားတွေ အရေးပေါ်အကူအညီလိုအပ်နေ

ဩဂုတ် ၂၀၊ The Nation Voice

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ(၅၀၀) ကျော် မီးလောင်ပြာကျခဲ့ရတဲ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ငတရော်ရွာက ပြည်သူလူထုတွေ အရေးပေါ် အကူအညီလိုအပ်နေလို့ ထောက်ပံ့ကူညီမှုပေးကြဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ရဲဘော်ဝေကြီးက မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။ “လှေခုပ်ရွာကို မီးရှို့ပြီး ရေချမ်းကိုဝင်တယ်။ ရေချမ်းကနေ ငတရော်ကို ဝင်ပြီး မီးရှို့တာ။ ၁၇ရက်နေ့က စတာ။ လှေခုပ်ဘက်ဆိုရင်လည်း အိမ်ခြေ (၁၀၀)ကျော်လောက်ပါသွားတယ်” လို့ ရဲဘော်ဝေကြီးကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ငတရော်ရွာကိုစတင်မီးရှို့ခဲ့ရာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဒေသခံတွေဟာ စစ်ရှောင်စခန်းတွေမှာ အခက်အခဲများစွာနဲ့ နေထိုင်နေကြရတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။ “ ကျွန်တော်တို့ မြို့နယ် ပကဖ ကနေ လတ်တလောတော့ စားဖို့ သောက်ဖို့ကိစ္စတွေ ရိက္ခာကိစ္စတွေစီစဉ်ထားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ် လက်ချက်ကြောင့် အိမ်တွေဆုံးရှုံးပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခကို ဝိုင်းဝန်းကူညီ ထမ်းပိုးပေးကြဖို့ အကူအညီတောင်းခံလိုကြောင်း ရဲဘော်ဝေကြီးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရေစကြိုနယ် အပါအဝင် မကွေး၊ စစ်ကိုင်းအတွင်းက ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူလူထု နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *