ဩဂုတ် ၂၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် သာစည်ကျေးရွာရှိ ဆောက်လက်စထောင်အတွင်းကနေ အရပ်သားအသွင်ဆောင်ကာ မုံရွာ-သာစည်လမ်းအတိုင်း ထွက်ခွာလာတဲ့ စကစတပ်သား(၆)ယောက်ကို မနေ့ကမနက်(၉)နာရီကျော်လောက်မှာ မဟာမိတ်တွေနဲ့အတူမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် (ပကဖ)ကထုတ်ပြန်ပါတယ်။
မုံရွာ-သာစည်လမ်းအတိုင်း ထွက်ခွာလာတဲ့ စကစတပ်သားတွေလိုက်ပါလာတဲ့ Surf ခဲဖြူရောင်ကားတစ်စီးကို ပဒေသာမိုင်း၊ရှေ့ထွက်မိုင်း(၂)ဆိုင်း တို့နဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် (၂)ဦးသေဆုံးပြီး၊(၃)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ မုံရွာမြို့နယ်(ပကဖ)နဲ့အတူ MPDF မြို့ပြပျောက်ကြားတပ်ခွဲတို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ဩဂုတ်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းမှာ မုံရွာ နမခ မှ အရှေ့ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စကစအုပ်စုကို မုံရွာမြို့နယ်(ပကဖ)မှ ဒရုန်းနဲ့ကင်းထောက်တိုက်ခိုက်ခဲ့ရာ ဒရုန်းမှာ Jumper စက်ကွင်းထိပြီး ပျက်ကျဆုံးရှုံးသွားခဲ့ရကြောင်း ပြည်သူလူထုကို ဝမ်းနည်းစွာအစီရင်ခံတင်ပြအပ်ပါတယ်လို့ မုံရွာ(ပကဖ)မှပြောဆိုထားပါသေးတယ်။
