ဩဂုတ် ၂၁၊ The Nation Voice
စစ်ကောင်စီတပ်က အပြီးတိုင်စွန့်ခွာသွားတဲ့ ကရင်နီပြည်၊ရှားတောမြို့နယ်က ဒေသအခေါ် တငူးဆိုတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ကရင်နီတပ်မတော်(KA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ အဲဒီတပ်စခန်းကို KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၄)၊ တပ်ရင်း(၁၇)တို့က ဗျူဟာမြောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ အပြီးတိုင်ဆုတ်ခွာသွားတာလို့ ဆိုပါတယ်။

တငူးဆို စခန်းအပါအဝင် အာဏာသိမ်းပြီးနောက် ရှားတောမြို့နယ်က စစ်ကောင်စီ ခြေကုတ်စခန်း (၈)ခု သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။တငူးဆို တပ်စခန်းက စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၇ရက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ အဲဒီလို ဆုတ်ခွာစဉ် ဩဂုတ် ၇ရက်ကနေ ၉ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တပ်ရင်း(၁၇)က ထုတ်ပြန်ထားပါတယ်။
