ဩဂုတ် ၂၂၊ The Nation Voice
ကသာမြို့နယ်၊ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ဦးလောက်သေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေး ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို ဘန့်ဘွေးကုန်းဆိပ်ကမ်းမှာ သံခွန်ရေယာဉ်ငယ်နဲ့ လာရောက်သယ်ယူသွားတယ်လို့ ပြည်သူလူထုတွေနဲ့ ရှေ့တန်းရဲဘော်တွေက သတင်းပေးပို့လာကြောင်း ကသာပကဖကရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘန့်ဘွေးကုန်းမှာ တပ်စွဲနေတဲ့ အင်အား(၇၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၁၂) လက်အောက်ခံ KPDF ကသာမြို့နယ် ပကဖ၊ တိုက်နယ်နဲ့ ရပ်ကျေး ပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူ နဲ့ လေကြောင်းပစ်ကူရယူပြီး တိုက်ခိုက်ခဲ့ရတယ်လို့ ကသာပကဖက ထုတ်ပြန်ထားပါတယ်။အဲဒီ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၄)ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
