ဩဂုတ် ၂၂၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့ ဩဂုတ် ၂၂ရက် မနက်ကစပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က သတင်းထုတ်ပြန်ပါတယ်။ အင်အား(၇၀)လောက်ရှိတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း (၁၂) လက်အောက်ခံ KPDF နဲ့ ကသာ ပကဖ၊ တိုက်နယ်နဲ့ ရပ်ကျး ပကဖ တပ်ဖွဲ့ဝင်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ပိတ်မိနေလို့ စစ်ကောင်စီတပ် ရဲ့ ကသာအခြစိုက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာသလို နေ့လည်ပိုင်းမှာ လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ဒီကနေ့တိုက်ပွဲမှာ KPDF ရဲဘော် (၄)ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ကလည်း သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးကုန်းရွာကိုမီးရှို့ပြီး ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
