သြဂုတ် ၂၂၊ The Nation Voice
အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ နေပြည်တော်ရောက်ရှိလာတယ်လို့ သူတို့ရဲ့ဝါဒဖြန့်မီဒီယာတွေကတဆင့် သိရပါတယ်။ နေပြည်တော်ရောက်လာတဲ့အဖွဲ့တွေကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော် လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ပဲ ဖြစ်ပါတယ်။

တိုက်ပွဲမဖြစ်ပဲ နယ်မြေအေးချမ်းတည်ငြိမ်တဲ့ နေရာတွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (၁၀) ဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ မေလကစပြီး ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလထဲမှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကာ စက်တင်ဘာလထဲမှာလည်း နောက်တစ်ကြိမ်ထပ်တွေ့ဖို့ရှိသေးတယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU၊ KIA၊ မြောက်ပိုင်းညီနောင်အဖွဲ့ (၃) ဖွဲ့တို့ကတော့ ပါသင့်သူတွေမပါလို့ မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။

