မြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာ အလုပ်လိမ်လည်တဲ့ဟောင်ကောင်ဒေသခံ(၅) ဦးကို ရဲဖမ်းဆီး

သြဂုတ် ၂၂၊ The Nation Voice

အရှေ့တောင်အာရှမှာအလုပ်လုပ်ကိုင်ရမယ်လို့ လိမ်လည်ပြီး အလုပ်ရှာသူတွေကို ဖမ်းဆီးထားတဲ့ဟောင်ကောင်ဒေသခံ(၅)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့ကကြေညာပါတယ်။ ပြီးခဲ့တဲ့လတွေမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့မှာ ချစ်သူရှာဖို့ ဒါမှမဟုတ် လစာများတဲ့အလုပ်တွေရမယ်လို့ ကတိပေးပြီး သားကောင်တွေကို အဲဒီနိုင်ငံတွေဆီသွားခိုင်းကာ ဖမ်းဆီးပြီး အတင်းအကြပ်အလုပ်စေခိုင်းခံခဲ့ရတယ်လို့ ရဲတွေကပြောပါတယ်။ ကြာသပတေးနေ့မှာ လိမ်လည်မှုကြောင့်သားကောင်ဖြစ်ခဲ့ပြီး လူကုန်ကူးခံခဲ့ရတဲ့ဒေသခံတွေကိုကူညီဖို့ ဟောင်ကောင်အာဏာပိုင်တွေက အထူးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။

ရဲကိုအကူအညီပေးဖို့တောင်းဆိုခဲ့တဲ့ (၃၆) ဦးစလုံးနီးပါးဟာ အလုပ်လိမ်လည်မှုနဲ့ပတ်သက်နေတယ်လို့ အုပ်စုဖွဲ့မှုခင်းကျူးလွန်မှုနှင့်ရာဇဝတ်ဂိုဏ်းများဆိုင်ရာဗျူရိုက ရဲမှူးကြီး တိုနီ ဟိုကပြောပါတယ်။ နိုင်ငံခြားမှာလက်တွေ့မကျဘဲလစာများတဲ့အလုပ်တွေလက်ခံအောင် ဟောင်ကောင်ဒေသခံတွေကိုလိမ်လည်တယ်လို့သံသယရှိတဲ့အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၂)ဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဟိုက တနင်္ဂနွေနေ့မှာပြောပါတယ်။ ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံမှာ လိမ်လည်ခံရသူ (၂၂)ဦးကျန်နေသေးပြီး အဲဒီထဲက (၉)ဦးဟာ မိသားစုနဲ့ရော၊ ဟောင်ကောင်ရဲနဲ့ရောအဆက်အသွယ်မရှိသေးဘူးလို့လည်း ဟိုကပြောပါတယ်။ လိမ်လည်ခံရသူတွေကို လေယာဉ်လက်မှတ်ပေးပြီး မြေပေါ်ရောက်တာနဲ့ အများစုရဲ့နိုင်ငံကူးလက်မှတ်တွေကိုသိမ်းဆည်းကာ လိမ်လည်တဲ့အလုပ်ကို ဆက်လုပ်ခိုင်းကြတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်က လူကုန်ကူးခံရတဲ့နေရာ (၁)ခုမှာ တစ်လလောက်ပိတ်မိနေတဲ့ဟောင်ကောင်ဒေသခံတစ်ယောက်ရဲ့မိသားစုက သူတို့ဆီကို အကူအညီတောင်းခဲ့တယ်လို့ ဟောင်ကောင်ရှိ DAB နိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေက တနင်္ဂနွေနေ့မှာပြောပါတယ်။ ဖမ်းဆီးခံထားရသူကိုရိုက်နှက်တယ်လို့ မိသားစုက သံသယရှိနေကြောင်းလည်း အကူအညီတောင်းခံခဲ့ရတဲ့နိုင်ငံရေးသမား ဝူချောက်ဟင်က ပြောပါတယ်။ တစ်နေ့ကို ၁၀ နာရီကျော်အောင်အလုပ်ခိုင်းပြီး သေချာမလုပ်နိုင်ရင် အစာမကျွေးဘဲထားကြောင်းလည်း ဖမ်းဆီးခံနေရသူကပြောတယ်ဆိုပြီး ဝူကပြောပါတယ်။ ဟောင်ကောင်မှာ လူကုန်ကူးမှုနဲ့အတင်းအကြပ်အလုပ်ခိုင်းစေမှုကို ပြစ်မှုလို့တိတိကျကျသတ်မှတ်ထားတဲ့ဥပဒေမရှိတဲ့အတွက် ဟောင်ကောင်မှာလက်ရှိဥပဒေတွေဟာ အခုလိုမျိုးလိမ်လည်မှုတွေကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ လူ့အခွင့်အရေးရှေ့နေ ပက်ထရစ်ရှာ ဟိုက ကြာသပတေးနေ့မှာပြောပါတယ်။

Source – AFP Photo – The Standard

Leave a Reply

Your email address will not be published. Required fields are marked *