သြဂုတ် ၂၂၊ The Nation Voice
အခုနှစ်ကုန်မှာ ရိုဟင်ဂျာနေရပ်ပြန်ရေးစတင်နိုင်ချေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မာဆွတ် ဘင် မိုမန်က တနင်္ဂနွေနေ့မှာပြောပါတယ်။ သြဂုတ် ၂၅ ရက်မှာကျရောက်မယ့် ရိုဟင်ဂျာတွေမြန်မာနိုင်ငံကအမြောက်အမြားထွက်ပြေးလာတာ (၅)နှစ်မြောက်မယ့်နေ့မတိုင်မီမှာ သူကမှတ်ချက်ပြုတာပါ။
“အခုနှစ်အကုန်မှာ နေရပ်ပြန်ရေးစတင်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ သူတို့(ရိုဟင်ဂျာ)တွေဟာ ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပါပြီ”လို့ သူက အမျိုးသားရိုဟင်ဂျာအထူးလုပ်ငန်းအဖွဲ့အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကိုပြောပါတယ်။
ဒီနေ့မှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်း ဟေဇာ ဘင်္ဂလားဒေ့ရှ်ကိုလာရောက်ဖို့ရှိနေချိန်မှာ အထူးလုပ်ငန်းအဖွဲ့အစည်းအဝေးပြုလုပ်တာပါ။ အစည်းအဝေးမှာ ရခိုင်ရွာတွေမှာ ကုလသမဂ္ဂအဖွဲ့တွေအကောင်အထည်ဖော်နေတဲ့ အလျင်အမြန်သက်ရောက်မှုရှိစေမယ့်စီမံကိန်းတွေကို ကုလသမဂ္ဂဘက်ကတင်ပြခဲ့တယ်လို့ မာဆွတ်ကပြောပါတယ်။ ဒါ့အပြင် တရုတ်၊ ဂျပန်နဲ့ အိန္ဒိယတို့ကလည်း ရခိုင်ပြည်နယ်မှာအခြေအနေတွေတိုးတက်လာဖို့ လုပ်နေကြတယ်လို့လည်း သူကပြောပါတယ်။
