သြဂုတ် ၂၂၊ The Nation Voice
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန်အင်းစိန်ထောင်အနီး ဒီကနေ့မနက်အစောပိုင်းက ပေါက်ကွဲမှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကနေ့ သြဂုတ် (၂၂) ရက်၊ မနက် (၃) နာရီခွဲလောက်ကစပြီး ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရကာ ထောင်ဝင်းထဲ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်လို့ ထောင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။
” ဖြစ်တာက (ထောင်)အရှေ့အပေါက်။ ကျွန်မတို့က အနောက်ဘက်အပေါက်နားနေတာဆိုတော့ အသံကြားပေမယ့် သေချာတော့မသိရဘူး။ ထောင်အနီးဝန်းကျင်မှာတော့ မနက်ထဲက အစစ်အဆေးကြမ်းနေတယ် ” လို့ အင်းစိန်မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်အနီးက ရပ်ကွက်တစ်ခုဖြစ်တဲ့ ပေါက်တောဝအနီးမှာလည်း ပေါက်ကွဲသံနှစ်ကြိမ်ကြားရပြီး ဘယ်နေရာမှာ ပေါက်ကွဲခဲ့တယ်ဆိုတာနဲ့ ဘယ်အဖွဲ့ရဲ့လုပ်ဆောင်ချက်ဆိုတာကို အခုညနေပိုင်းအထိ မသိရသေးပါဘူး။
နဂိုထဲက နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ အင်းစိန်ထောင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် (၂၃) ရက်က ဦးဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် စတဲ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့သူလေးဦးကို စစ်အုပ်စုက ကြိုးပေးကွပ်မျက်ခဲ့တဲ့အပေါ် သွေးကြွေးပြန်တောင်းဖို့ တော်လှန်ရေးအင်အားစုတွေက ကြွေးကြော်ထားပါတယ်။
