စစ်ကောင်စီအခြေပြုရာနဲ့ စစ်ဆေးရေးဂိတ်တွေကို အတတ်နိုင်ဆုံး မသွားကြဖို့ AA ထုတ်ပြန်

ဩဂုတ် ၂၂၊ The Nation Voice

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ အခြေပြု ထားတဲ့နေရာတွေ၊ ဂိတ်စခန်းချ စစ်ဆေးတဲ့နေရာတွေကို သွားလာခြင်းမပြုဖို့ ရက္ခိုင့်တပ်တော်(AA)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မောင်တောမြို့နယ်က ပြည်သူလူထုတွေအတွက် AA က အသိပေးကြေညာချက် ထုတ်ပြန်ရာမှာ အခုလို ဖော်ပြခဲ့တာပါ။ AA နဲ့ စစ်ကော်စီဟာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာနဲ့အတူ တိုက်ပွဲအရှိန်ပိုမြင့်လာပြီး တိုက်ပွဲနေရာတွေ ပိုကျယ်ပြန့်လာနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ အခြေပြုထားတဲ့နေရာတွေ၊ ဂိတ်စခန်းချ စစ်ဆေးတဲ့နေရာတွေကို မလာမဖြစ် လာရမယ့် အရေးပေါ် ကိစ္စ၊ သေရေးရှင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေကလွဲပြီး သွားလာခြင်းမပြုဖို့၊မဖြစ်မနေသွားလာရမယ်ဆိုရင် နီးစပ်ရာ ဒေသဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်မြေရုံးတွေက တစ်ဆင့် ဆက်သွယ်အသိပေးပြီး သွားလာကြဖို့ AAက အသိပေးထားပါတယ်။ နံနက် ၅နာရီကနေ ည ၈နာရီအတွင်းသာ ဂရုပြု သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်က မောင်တောမြို့ကို လပေါင်းများစွာ ကြာမြင့်စွာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို ကုန်းလမ်း၊ ရေလမ်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး ကိစ္စတွေကိုပါ တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်တားမြစ်ထားလို့ မောင်တောမြို့နယ်က ပြည်သူတွေ ရိက္ခာ ပြတ်လပ်မှုနဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရကြောင်း၊ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှု ၊ လက်နက်ခဲယမ်း ၊ စစ်အင်အားတိုးချဲ့မှုနဲ့ အတူ စစ်ဆင်ရေး ပြုလုပ်မယ့် အရိပ်အယောင်‌တွေ ခပ်စိပ်စိပ် တွေ့လာနေရကြောင်း AA က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်တဲ့ လုပ်ရပ်၊ ညမထွက်ရအမိန့်တွေကြောင့် ဒေသခံပြည်သူများ အခက်အခဲ အကျပ်အတည်း မဖြစ်စေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေ တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *