မော်ချီးတောင်ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား၊ နေအိမ်တွေ၊လမ်းတွေပျက်စီးဆုံးရှုံး

ဩဂုတ် ၂၃၊ The Nation Voice

ကယားပြည်နယ်၊ဘောလခဲမြို့နယ်တောင်ဘက်အစွန်းမှာရှိတဲ့ မော်ချီးတောင်ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မနေ့ကည(၁၂)နာရီလောက်မှာ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ည(၁၂)နာရီလောက်မှာမြေပြိုမှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေအိမ်တွေ၊လမ်းတွေပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့ လူပျောက်ဆုံးထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။

“ညက ၁၂ နာရီလောက်ကပြိုတာ အိမ်ပါသွားတဲ့လူတွေတော့ အထိခိုက်မရှိပါဘူးဗျ ညက စာသင်ကျောင်းတို့ အသိတွေ အိမ်မှာသွားအိပ်တော့ ဘေးကင်းပါတယ်ဗျ ခုတခြားနေရာလဲ အက်နေတယ်ပြောလို့ စိတ်မချရတဲ့ နေရာတွေဖယ်နေတယ်”လို့ မော်ချီးဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။ လက်ရှိမှာ အိမ်ပျက်စီးဆုံးရှုံးသွားတဲ့ မော်ချီးဒေသခံတွေဟာ သူတို့ရဲ့အသိမိတ်ဆွေနေအိမ်တွေနဲ့စာသင်ကျောင်းတွေမှာ သွားရောက်နေထိုင်နေကြရတယ်လို့လည်း သူကပြောထားပါသေးတယ်။

မြေပြိုမှုအပြီးမှာ သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေရဲ့ အကူအညီတွေမရရှိသေးပေမဲ့ နောက်တော့အကူအညီတွေလာနိုင်ပါတယ်လို့ သူကဆိုပါတယ်။ အခုလက်ရှိမှာ မော်ချီးတောင်ပေါ်အနီးကအခြားနေရာတွေမှာလည်း မြေအက်ရာတွေကိုထပ်မံတွေ့ရှိနေရပြီး စိတ်မချရတဲ့နေရာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာတွေကိုရွှေ့ပြောင်းနေကြပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *