သြဂုတ် ၂၃၊ The Nation Voice
မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီးကိုစစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်နေပြီးတော့ မနေ့က
တစ်နေကုန်တိုက်ပွဲဖြစ်ပြီး တပ်မ ၄၄ က သုံးဦးသေဆုံးပြီး၊ ကော်ဘရာစစ်သည်တော် တစ်ဦးကျဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ တပ်တွေဟာ မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီးမှာရှိတဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားတဲ့နေရာတွေကို ဒီနေ့ မနက်ပိုင်းကစပြီး ညနေ (၅) နာရီလောက်အထိ ကျူးကျော်ကာထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလို ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ လက်နက်ကြီး ပစ်ကူအမြောက်အများနဲ့ စစ်မျက်နှာတွေများစွာဖွင့်ပြီး ထိုးစစ်ဆင်နွှဲလာတဲ့အတွက် မနေ့က တစ်နေကုန်တိုက်ပွဲဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့က တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က (၃)ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ အမြောက်အများရှိခဲ့ပေမယ့် ဒဏ်ရာရသူ အရေအတွက်ကို စိစစ်အတည်ပြုဆဲ ဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းက ပြည်သူ့စစ်သည်တော် (၁) ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး စစ်သည်တော် (၃) ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

