သြဂုတ် ၂၃၊ The Nation Voice
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက တနင်္လာနေ့မှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်အသစ် ဦးချစ်ဆွေကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နယ်စပ်အရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရအိမ်တော်က ထုတ်ပြန်ပါတယ်။ ပရာရွတ်က ဦးချစ်ဆွေတာဝန်လွှဲပြောင်းယူတဲ့အနေနဲ့ အစိုးရအိမ်တော်မှာ ကြိုဆိုခဲ့ပါတယ်။ထိုင်း-မြန်မာနှစ်နိုင်ငံကြားရင်းနှီးတဲ့ဆက်ဆံရေးဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ကူညီမယ်လို့ ဝန်ကြီးချုပ်ကပြောပြီး ဦးချစ်ဆွေရဲ့နေရာကြောင့် နှစ်နိုင်ငံဆက်ဆံရေးပိုအားကောင်းလာလိမ့်မယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံက မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ တရားမဝင်ရွှေ့ပြောင်းအခြေချခြင်း၊ လူကုန်ကူးခြင်းနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဦးချစ်ဆွေကိုပြောပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ အခက်အခဲတွေတွေ့နေတဲ့ထိုင်းနိုင်ငံသားတွေကို မြန်မာဘက်က ကူညီခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့စီးပွားရေးအလားအလာကိုယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားလိုကြောင်းလည်း စစ်ကောင်စီခန့်မြန်မာသံအမတ်ကပြောပါတယ်။
စီးပွားရေးတိုးတက်မှုအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြဖို့လည်း နှစ်ဖက်သဘောတူခဲ့ပါတယ်။ထိုင်းနိုင်ငံက မကြာခင်မှာ မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေထပ်မံလှူဒါန်းသွားမယ်လို့လည်း ပရာရွတ်က ကတိပြုပါတယ်။ မြန်မာနိုင်ငံကနိုင်ငံရေးအကြပ်အတည်းအကြောင်းလည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်ဖို့ ဆန္ဒပြုကြောင်းလည်း ပရာရွတ်ကပြောပါတယ်။ ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ပရာရွတ်ကပြောပါတယ်။
