ဩဂုတ် ၂၄၊The Nation Voice
စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ဘုမ္မဇင်းရွာကနေ ချမ်းသာစုကျေးရွာကိုတက်လာတဲ့ အင်အား(၇၀)ပါစကစစစ်ကြောင်းနဲ့ ဒေသခံပူးပေါင်းတပ်တွေ မနေ့ကသြဂုတ်လ၂၃ရက်မှာ ထိတွေ့တိုက်ပွဲ (၂)နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စကစဘက်က(၁၅)ဦးထက်မနည်းသေဆုံးသွားတယ် KNG PDF ကထုတ်ပြန်ပါတယ်။ ဘုမ္မဇင်းရွာကနေတက်လာတဲ့ စကစစစ်ကြောင်းကိုချမ်းသာစုရွာနားအရောက်မှာ ဒေသခံပူးပေါင်းတပ်တွေကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲ(၂)နာရီအပြီးမှာ စကစဘက်ကတပ်သား(၁၅)ဦးထက်မနည်းသေဆုံးပြီး သေဆုံးသွားတဲ့တပ်သားတွေကိုချင်းတွင်းမြစ်ထဲမှာ သဲအိပ်တွေနဲ့ဖိကာ မြှပ်နေကြောင်းသိရပါတယ်လို့ KNG PDF ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ဒေသခံပူးပေါင်းတပ်တွေက လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာလာရတယ်လို့သိရပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်(၂)နာရီလောက်မှာလည်း မုံရွာ-ယာလမ်းမကြီး၊မိုင်တိုင်(၃၂)မှာ တပ်စွဲထားတဲ့ အင်အား(၁၅၀)ပါ စကစတပ်သားတွေကို KGN PDF အဖွဲ့နဲ့အတူ တခြားဒေသခံ(ပကဖ)တွေပူးပေါင်းပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စကစဘက်က အများအပြားထိခိုက်သေဆုံးနိုင်ပြီး ဒေသခံပူးပေါင်းတပ်တွေဘက်က ရဲဘော်(၂)ဦး ဒဏ်ရာရကာ တစ်ဦးမှာ(စိုးရိမ်ရ)အနေအထားရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကိုတော့ ကျောက်လုံးကြီး KLG တပ်မဟာနဲ့အတူ MPDF DEMO တပ်ခွဲ့နဲ့ အခြားဒေသခံ(ပကဖ)အများအပြားတို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

