သြဂုတ် ၂၄၊ The Nation Voice
မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ အဲဒီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁၃)ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှာပါဝင်တဲ့ Pale People’s Defence Force-Headquarters က ဒီကနေ့ သြဂုတ် (၂၄) ရက်မှာ ထုတ်ပြန်ပါတယ်။
သြဂုတ် (၂၂) ရက်နဲ့ သြဂုတ် (၂၃) ရက်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်နယ် သဒွတ်ရွာနဲ့ ပေါက်ခေါင်းရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ရက်တာတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၁၃)ဦးထက်မနည်း သေပြီး အများအပြားဒဏ်ရာရသလို ပြည်သူ့ရဲဘော် (၆)ဦးကျဆုံးကာ (၇)ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းမှ အင်အား (၁၀၀)ကျော်ကို ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ပုလဲနှင့် မြိုင်မှ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Pale People’s Defence Force-Headquarters (ပုလဲတပ်ရင်း ၂ )၊ ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊ စကားပြောက် ကျားတပ်ဖွဲ့၊ 7 Star စတဲ့တပ်ဖွဲ့တွေကပူးပေါင်းတိုက် ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြိုင်နယ် ဗဟင်းရွာထဲကနေ ထွက်လာနေပြီး ဘယ်ကိုဦးတည်မယ်ဆိုတာ မှန်းဆလို့မရသေးတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ Pale People’s Defence Force-Headquarters အသိပေးပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ သဒွတ်ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာတွေဟာ အိမ်ခြေ (၁၀၀)ဝန်း ကျင်ရှိတဲ့ကျေးရွာတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
