သြဂုတ် ၂၄၊ The Nation Voice
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ သနားခံနေပေမဲ့ လိုအပ်သလောက် အကူအညီမရဘူးလို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ(UNHCR)က အင်္ဂါနေ့မှာပြောပါတယ်။ သူတို့မြန်မာနိုင်ငံကနေထွက်ပြေးလာတာ (၅) နှစ်မြောက်တဲ့နေ့မတိုင်ခင် အကြပ်အတည်းကို မမေ့ကြဖို့ အလှူရှင်တွေကို ဒုက္ခသည်တွေက တိုက်တွန်းနေချိန်မှာ ပြောတာပါ။ “နိုင်ငံမဲ့ရိုဟင်ဂျာဒုက္ခသည် (၁)သန်းနီးပါးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အခြေအနေတွေဟာ အလွန့်အလွန်ကို ပြည့်ကြပ်နေပြီး အသက်ရှင်သန်ဖို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို သူတို့အပြည့်အဝမှီခိုနေရပါတယ်။
အများအားဖြင့် မပြည့်စုံသေးတဲ့လိုအပ်ချက်တွေက လုံလောက်တဲ့အာဟာရ၊ ယာယီတဲတွေအတွက် ပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်နိုင်တဲ့နေရာတွေနဲ့ အသက်ရှင်နေထိုင်ဖို့အခွင့်အလမ်းတွေဖြစ်ပါတယ်” လို့ UNHCR ကပြောပါတယ်။ UNHCR ရဲ့ ၂၀၂၂ တုံ့ပြန်ရေးအစီအစဉ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ထိခိုက်မှုအရှိဆုံးဒေသခံလူ (၅) သိန်းကျော်အပါအဝင် လူ(၁.၄)သန်းကျော်အတွက် ဒေါ်လာ (၈၈၁)သန်းရှာဖွေခဲ့ပေမဲ့ (၄၉)ရာခိုင်နှုန်း (၄၂၆.၂ သန်း) သာရခဲ့တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို မပြန်နိုင်သေးဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်လက်မဲ့အနာဂတ်မရှိသလောက်ဖြစ်နေတဲ့ရိုဟင်ဂျာတွေရဲ့အတိဒုက္ခတွေကို ကမ္ဘာကြီးမမေ့ဖို့ အရေးကြီးတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ သူတို့ရဲ့ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့နဲ့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ ရိုဟင်ဂျာတွေက တောင်းဆိုနေပြီး သူတို့နေရပ်ပြန်ဖို့ အခြေအနေတွေမသင့်တော်သေးဘူးလို့ ကုလသမဂ္ဂကပြောပါတယ်။

