သြဂုတ် ၂၄၊ The Nation Voice
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း ဩဂုတ်လ (၁) ရက်မှ (၂၀) ရက်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲ (၃၃) ကြိမ်အတွင်း စစ်ကောင်စီတပ်တွေဘက်က (၄၈) ဦး သေဆုံးသလို (၈၀) ဦးလောက်ဒဏ်ရာရရှိတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ် တပ်ရင်း (၁၈) နဲ့ တပ်ရင်း (၂၇) နယ်မြေတွေမှာ တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်ပြီးတော့ ယနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်တွေက သေဆုံးဒဏ်ရာရမှုများပြားသောနေရာတွေက တပ်ရင်း (၁၈) နဲ့တပ်ရင်း (၂၇) နယ်မြေ အတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက Multiple Launch Rocket System (MLRS) အတွဲလိုက်ပစ်ရော့ကတ်စနစ်၊ လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုပြီး အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။

ဩဂုတ်လ (၂၀) ရက်အထိ အာဏာသိမ်းအကြမ်းဖက်စစ်တောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အများကျဲချခဲ့ပြီး (KNLA) တပ်ရင်း (၁၈)နဲ့ တပ်ရင်း (၂၇) တို့ရှိ စစ်သည်တော်တွေ တစ်စုံတစ်ရာမျှထိခိုက်ခြင်းမရှိပေမယ့် မြေပြင် ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်သည်တော် (၂) ဦးမှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့ပြီး (၁၆) ဦးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် ပြည်သူလူထု (၉၀,၂၉၁) ဦးတို့မှာ နေရပ်ကိုစွန့်ခွါကာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆက်လက်စာရင်းပြုစုနေသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်များစွာလည်း ကျန်ရှိနေသေးတယ်လို့သိရပါတယ်။