ကရင်နီပြည်ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပြစ်မှု (၂၃၅)မှုကို အရေးယူနိုင်ခဲ့ကြောင်း KSCC အသိပေး

ဩဂုတ် ၂၅၊ The Nation Voice

ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ပြည်သူတို့ရဲ့ လူမှုဘ၀လုံခြုံမှုကို ခြိမ်းခြောက်မှု ပြုနေတဲ့ ပြစ်မှုပေါင်း ၂၃၅မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း KSCC အသိပေးလိုက်ပါတယ်။

ဩဂုတ် ၂၅ရက်တွင် ကျရောက်တဲ့ KSP ဖွဲ့စည်းမှု တစ်နှစ်ပြည့်နေ့သို့ သဝဏ်လွှာပေးပို့ရာမှာ အခုလို ဖော်ပြခဲ့တာပါ။

လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို လေးစားလိုက်နာလျက် နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းသား (၆၀)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ကရင်နီ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုကြောင်းလည်း KSCC ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

တစ်နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် စွမ်းရည်ပြည့်၀တဲ့ ဒီမိုကရက်တစ် ကရင်နီပြည်ရဲတပ်ဖွဲ့အဖြစ်ကို တက်လှမ်းနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတာကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားတက်စရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် စနစ်တို့ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှု အောက်မှာ အကြောက်တရားတွေနဲ့ ရှင်သန်နေထိုင်ရတဲ့ ကရင်နီ ပြည်သူတွေရဲ့ ဘ၀လုံခြုံရေးအတွက် ကူညီစောင့်ရှောက်ပေးနေတဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ အဖြစ်ကနေ ပြည်သူကိုယ်စားပြုနိုင်တဲ့ အနာဂတ် ကရင်နီပြည် ဖက်ဒရယ်ရဲတပ်ဖွဲ့ အဖြစ် မလွှဲမသွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ကြောင်းလည်း KSCC က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့ဟာ ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ ယန္တရားလည်ပတ်စေဖို့ဆောင်ရွက်သူ‌တွေနဲ့ သတင်းပေးဒလန်တွေကို ဖမ်းဆီးတာ၊မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီးတာ၊ စစ်ရှောင်တွေကို အကူအညီနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတာစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *