သြဂုတ် ၂၅၊ The Nation Voice
မြန်မာနိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းရာမှာ ရိုဟင်ဂျာလူမျိုးတွေပါဝင်ဖို့ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ဖွဲ့ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင်လူနည်းစုရိုဟင်ဂျာတွေထွက်ပြေးခြင်း (၅)နှစ်ပြည့်တဲ့ ဒီနေ့မတိုင်မီ ဗုဒ္ဓဟူးနေ့မှာ သူက မှတ်ချက်ပြုတာပါ။
ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ခွဲခြားဆက်ဆံခံခဲ့ရတဲ့ရိုဟင်ဂျာတွေပါဝင်မယ့်အနာဂတ်အတွက် အလံမလဲတဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိနေတယ်ဆိုတာ ဂူတာရက်စ်က သတိပြုမိကြောင်း ကုလသမဂ္ဂပြောခွင့်ရသူ စတီဖန် ဒျူရှာရစ်ကပြောပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှာ ရခိုင်ပြည်နယ်က နယ်စပ်စခန်းတွေကို ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုအတွက်တုံ့ပြန်ဖို့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလို့ခေါ်တဲ့စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေက အကြီးအကျယ်အဓမ္မကျင့်မှုတွေနဲ့ အိမ်ထောင်ချီကို မီးရှို့ခဲ့တာတို့ကြောင့် ရိုဟင်ဂျာ (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုတွေကာကွယ်ဖို့ လုပ်နိုင်သမျှလုပ်ဖို့ မြန်မာနိုင်ငံကို အမိန့်ချခဲ့ပါတယ်။
အဲဒီအမိန့်မတိုင်ခင် (၂)ရက်မှာ မြန်မာအစိုးရကဖွဲ့စည်းထားတဲ့အမှီအခိုကင်းမဲ့တဲ့ကော်မရှင်က လုံခြုံရေးတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရတဲ့အကြောင်းရင်းတွေရှိပေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မကျူးလွန်ခဲ့ဘူးလို့ တွေ့ရှိခဲ့ကြောင်း နိဂုံးချုပ်ထားပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ ယိုယွင်းပျက်စီးနေပြီလို့လည်း ဒျူရှာရစ်ကပြောပါတယ်။
ရိုဟင်ဂျာတွေပြည့်ပြည့်၀၀၊ အကျိုးရှိရှိပါဝင်မှုဟာ မြန်မာဦးဆောင်တဲ့အကြပ်အတည်းဖြေရှင်းမှုမှာ တွဲပါနေတယ်ဆိုတာကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အလေးပေးပြောခဲ့တယ်လို့လည်း သူကပြောပါတယ်။
