သြဂုတ် ၂၆၊ The Nation Voice
မကွေးတိုင်း၊ ကျောက်ထုမြို့ပေါ်မှာ မနေ့ညဦးပိုင်းက CDM ရပ်ကျေးစာရေးတစ်ဦးရဲ့နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို နေအိမ်ကိုဝင်စီးချိန်မှာ CDM ရပ်ကျေးစာရေးဖြစ်သူကို မတွေ့ရှိတာကြောင့် နေအိမ်မှာရှိနေတဲ့ နို့စို့အရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၆)ဦးကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက မနေ့ သြဂုတ် (၂၅) ရက်ညဦးပိုင်းမှာ အင်အား (၂၀)လောက်နဲ့ ကျောက်ထုမြို့၊ ဂုံဘိုရပ်ကွက်က နေအိမ်တစ်အိမ်ကို ဝင်စီးခဲ့တာဖြစ်ပြီး CDM ရပ်ကျေးစာရေးရဲ့ မိသားစုဝင် (၆)ဦးကို ကျောက်ထုတပ်ဝင်းထဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” အတည်ပြုလို့တော့ မရသေးဘူး။ စာရေးရဲ့ကလေးဖြစ်နိုင်သလို သူ့ယောက်ဖရဲ့ ကလေးလည်း ဖြစ်နိုင်ပါတယ် ” လို့ စစ်အုပ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေထဲ နို့စို့အရွယ်ကလေးတစ်ဦးပါဝင်တာနဲ့ ပတ်သက်လို့ ကျောက်ထုမြို့ခံတစ်ဦးက မှတ်ချက်ပေးပါတယ်။
မနေ့ကည (၉) နာရီခွဲလောက်မှာလည်း စစ်အုပ်စုက ကျောက်ထုတပ်ဝင်းထဲကနေ သေနတ်ပစ်ဖောက်တာတွေရှိခဲ့ပြီး ရပ်ကွက်အချို့မှာ ဧည့်စာရင်းဝင်စစ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
