ပခုက္ကူချည်မျှင်စက်ရုံမှ ဗိုလ်မှူးလင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၂၆၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူချည်မျှင်စက်ရုံက စစ်ကောင်စီတပ် ဗိုလ်မှူးလင်မယားဟာ ဒီကနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် (၂၆) ရက်၊ မနက် (၆) နာရီလောက်မှာ ပခုက္ကူမြို့သစ်မှာရှိတဲ့ အမှတ်(၅)ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက ဗိုလ်မှူးလင်မယားကို လက်နက်ကိုင်လူတစ်စုက စက်ရုံထဲဝင်ပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကို ပခုက္ကူ ပြောက်ကျားတပ်ဖွဲ့ Young Force – UG က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုနိုင်ဖို့ The Nation Voice က ဆက်သွယ်လို့ မရသေးပါဘူး။

ပစ်ခတ်ခံရလို့ သေနတ်ကျည်ထိမှန်ခဲ့တဲ့ ဗိုလ်မှူးလင်မယားမှာ ဇနီးဖြစ်သူဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ ဗိုလ်မှူးဆိုသူကိုတော့ လူနာတင်ကားနဲ့သယ်ဆောင်ပြီး ကုသမှုပေးနေတုန်းမှာ ထပ်မံသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့သြဂုတ် (၁၈)ရက်ညပိုင်းကလည်း ပခုက္ကူမြို့ပေါ် စက်မှုဇုံ ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *