သြဂုတ် ၂၆၊ The Nation Voice
မကွေးတိုင်း၊ မြိုင်-ပခုက္ကူလမ်းမှာ စစ်ဆေးရေးလုပ်နေချိန် ခုခံထွက်ပြေးတဲ့ ဒုဗိုလ်မှူးကြီးတစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်က သြဂုတ် (၂၅) ရက်မှာ ထုတ်ပြန်ပါတယ်။
“အရပ်ဝတ်နဲ့ လာတာဗျ”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိုင်)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအားတွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်များအား ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
” အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိုင်)က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် (၂၀) ရက်ကလည်း မြိုင်-ပခုက္ကူလမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေချိန် အရပ်ဝတ်နဲ့ လာတဲ့ စစ်ထောက်လှမ်းရေးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေစဥ် အထက်ပါကဲ့သို့ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီတပ်သား သေဆုံးခဲ့ပါသေးတယ်။
