ဩဂုတ် ၂၇၊ The Nation Voice
မကွေးတိုင်း၊ဆောမြို့က မိသားစုတစ်ခုကို ယောဒေသကာကွယ်ရေးတပ်-YDF (ဆော)က သတ်ဖြတ်ပြီး ရွှေ၊ငွေ၊ ကားနဲ့ ဆိုင်ကယ်တွေ ယူဆောင်သွားပြီးနောက် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF)က ဒီကနေ့မှာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေလိုက်နာရမယ့် ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။
ဆောမြို့အတွင်းဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး အခုလိုထုတ်ပြန်ခဲ့တာလို့ ဆော PDF က အသိပေးခဲ့ပြီး ဆော PDF အနေနဲ့ ဆောမြို့အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လက်နက်ကိုင် လူသတ်မှု ၊လုယက်ခိုးယူမှုတွေ၊မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေမှုတွေ မဖြစ်ပေါ်လာစေဖို့နဲ့ ပြည်သူလူထုတွေ အထိတ်တလန့်ဖြစ်ပေါ်စေတဲ့ အရာတွေထပ်ပြီးမဖြစ်ပွား စေဖို့အတွက် တာဝန်ယူ ဆောင်ရွက်နေကြောင်း အသိပေးခဲ့ပါတယ်။
ဒေသအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကို အကြောင်းမကြားပဲ၊ခွင့်ပြုချက်မရပဲ ဖြတ်သန်းသွားလာခဲ့ပါရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ် လုံးဝ တာဝန်ယူမှာမဟုတ်ဖူးလို့ အသိပေးကြောင်း ဆော PDFက ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ည ၈ နာရီမှ မနက် ၅ နာရီ အတွင်း မြို့တွင်းသို့ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ဖို့ အသိပေးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ မရှိဘဲ သီးသန့်ရှိနေတဲ့ YDF (ဆော) အဖွဲ့ဟာ ဒလန်ရှင်းလင်းရေး လို့ဆိုကာ ဩဂုတ် ၂၁ရက်က ဆောမြို့ခံ ကိုခင်မောင်လင်း၊ သူ့ရဲ့ဇနီး၊ ညီ၊ ချွေးမ၊ မြေး နဲ့ ဘောလုံးပွဲလာကြည့်တဲ့ အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တာပါ။ ဒီလုပ်ရပ်အပေါ် ဆော PDF အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ထားပါတယ်။
