ဩဂုတ် ၂၇၊ The Nation Voice
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပ(ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ည(၉)နာရီလောက်မှာ အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Union of Myanmar Civil Defence – UMCD ကထုတ်ပြန်ပါတယ်။ မနေ့ကည(၉)နာရီလောက်က (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲမှာ စကစထောက်လှမ်းရေးတွေလို့ ယူဆရတဲ့ အရပ်ဝတ်တွေရှိနေချိန်မှာ UMCD အဖွဲ့နဲ့အတူ မဟာမိတ်ဖြစ်တဲ့ Rawt Malan HpyenLa – RMH(တော်လှန်ရေးရဲဘော်)တွေက အတူပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“တိုက်ခိုက်မှုအပြီး အတွင်းမှ အော်ဟစ်သံများကြားရပြီး လက်ရှိအချိန် ထိ အထိအခိုက်အကျအဆုံးသတင်းများအရ မုန့် ဟင်းခါးပွဲကြီး ၄ ပွဲဖြစ်ကြောင်းသိရသည်”လို့ UMCD ကထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအပြီးမှာ စကစဘက်က ဆေးရုံကားတွေဝင်ထွက်နေပြီး အနီးအနားရှိလမ်းတွေကို ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေကာ ပြည်သူတွေအနေနဲ့ ရှောင်ရှားသွားလာကြဖို့နဲ့ စကစဒေါက်တိုင်တွေ၊စကစတပ်သားတွေနဲ့ ဝေးရာမှာနေကြဖို့ကိုလည်း UMCD က အသိပေးထားပါသေးတယ်။
“အခြားသော အကြမ်းဖက်စစ်တပ်လက်ပါးစေများ အနေဖြင့် သတိအမျိုးမျိုးပေးထားသည့်ကြားက ဆက်လက်ရမ်းကားနေပါက ပြည်သူ့ ဘက်တော်သားများအနေနှင့် လိုအပ်သည်များကို တုန့်ဆိုင်းမှုမရှိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်”လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
