ဩဂုတ် ၂၇၊ The Nation Voice
၂၀၃၅ ခုနှစ်ကစပြီး လောင်စာဆီသီးသန့်သုံးစွဲနိုင်တဲ့ယာဉ်တွေ ရောင်းချခွင့်ပိတ်ပင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ကြေညာပါတယ်။ ရာသီဥတုပြောင်းလဲမှုကိုဖြေရှင်းဖို့ ခြေလှမ်းတစ်ခုအနေနဲ့ သမိုင်းဝင်ခြေလှမ်းတစ်လှမ်းရှေ့တိုးခဲ့တာပါ။ ကားကုမ္ပဏီတွေအပေါ် ပိုသန့်စင်တဲ့စွမ်းအင်အသုံးပြုတဲ့ကားတွေ ဈေးကွက်ထဲမှာမိတ်ဆက်အောင်လည်း တွန်းအားပေးတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ကနေစတင်ပြီး ပြည်နယ်မှာရောင်းချတဲ့ကားတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားဖြစ်စေ၊ လျှပ်စစ်နဲ့လောင်စာဆီလဲလှယ်သုံးနိုင်တဲ့မျိုးစပ်ကားဖြစ်စေ၊ ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုကားဖြစ်စေ ဖြစ်ရမယ်လို့ ပြည်နယ်လေကြောင်းအရင်းအမြစ်ဘုတ်အဖွဲ့(CARB)ကကြေညာပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ ၆၈ ရာခိုင်နှုန်းနဲ့ ၂၀၃၅ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းဖြစ်ရမယ်လို့လည်း ကြေညာပါတယ်။ ယာဉ်တွေကနေ ကာဘွန်ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိစေရရည်မှန်းချက်အတွက် အကောင်အထည်ဖော်နေလို့ အခုဆုံးဖြတ်ချက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ မိတ်ဖက်ပြည်နယ်တွေနဲ့ ကမ္ဘာကြီးအတွက် သမိုင်းဝင်အချိန်တခုလို့ CARB ဥက္ကဌ လိန်း ရန်ဒေါ့ဖ်ကပြောပါတယ်။
