ကျွန်းလှက အစ္စလာမ်ဘာသာရေးဆရာ သားအဖကို စစ်ကောင်စီလက်ပါးစေတွေ ဖမ်းဆီးသတ်ဖြတ်ပြီး မြို့ပေါ် စွန့်ပစ်ထား

ဩဂုတ် ၂၈၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့ပေါ်မှာ အစ္စလာမ်ဘာသာရေးဆရာ သားအဖ ကို စစ်ကောင်စီလက်ပါးစေတွေက ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို မြို့ပေါ်မှာ စွန့်ပစ်ထားခဲ့တယ်လို့ မိသားစုတွေနဲ့နီးစပ်သူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၂၆ရက် မနက်ပိုင်းက ကျွန်းလှမြို့၊သစ်ရာမြိုင်စျေးတောင်ဖက်မှာ သေဆုံးနေတဲ့အသက်(၅၀)ဝန်းကျင်အရွယ် ရုပ်အလောင်းတစ်ခုနဲ့ ဘူတာရှေ့မှာလူငယ်တစ်ယောက်ရဲ့ရုပ်အလောင်း တို့ကို တွေ့ရှိခဲ့တာပါ။

တွေ့ရှိခဲ့တဲ့ အမျိုးသားအလောင်း (၂)ခုဟာ သားအဖတွေဖြစ်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) သင်တန်းဆင်းဖြစ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတွေလို ယူဆရတဲ့ အရပ်ဝတ်လက်နက်ကိုင်တွေက လာဖမ်းသွားတာ လို့ဆိုပါတယ်။ သတ်ဖြတ်ခံရတဲ့သူတွေဟာ ကျွန်းလှမြို့ သူဌေးကုန်းရပ်ကွက်မှာ နေထိုင်ကြတဲ့ ဆရာတွာစင်(မော်လဝီဆပ်)နဲ့သားဖြစ်သူ ရာဇာထက်အောင် တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“အဖေက ကျန်းမာရေးမကောင်းဘူး၊မန္တလေးဆေးရုံဆင်းခဲ့တာလည်းမကြာသေးဘူး၊ကလေးက ကျောင်းတက်ပြီး တပါတ်တစ်ခါပဲပြန်လာတာကို PDF သင်တန်းတက်တယ်လို့ စွပ်စွဲပြီး ည၁၀နာရီလောက်မှာလက်နက်ကိုင်(၇/၈)ယောက်ဝန်းကျင်လောက်က လာဖမ်းသွားတာ”လို့ သတ်ဖြတ်ခံရတဲ့သူတွေရဲ့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတချို့ကသတင်းပေးပို့လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုနဲ့နီးစပ်သူ တခြားတစ်ဦးကလည်း လာရောက်ဖမ်းဆီးသူတွေဟာ ပျူစောထီး အဖွဲ့သာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းလှမြို့ပေါ်မှာ ဩဂုတ် ၂၅ရက်က အခုသတ်ဖြတ်ခံရတဲ့ သားအဖ ၂ဦးအပြင် အခြားသူတွေလည်း ပျောက်ဆုံးတာ၊ဖမ်းဆီးခံရတာရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ လတ်တလောမှာ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *