သြဂုတ် ၃၀၊ The Nation Voice
သြစတေးလျ ဖယ်ဒရယ် ရဲတပ်ဖွဲ့ AFP က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ရာဇ၀တ်မှုတွေကို စနစ်တကျ နှိမ်နင်းဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။ အဲဒီ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၄၅၀) ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
AFP က ရိုဟင်ဂျာ လူမျိူးတုံးသတ်ဖြတ်မှု မတိုင်မီ ၂၀၁၆ ခုနှစ်က ” နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်ဖို့၊ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ နဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေမျှဝေဖို့ “ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အကြမ်းဖက်လှုပ်ရှားမှုတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဟာ အဓိကနေရာက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံပေးနေမှုမှန်သမျှဟာ နိုင်ငံတကာ ရာဇ၀တ်မှု တွေကို အပြစ်ပေးအရေးယူခံရတာမရှိဘဲ ရဲရဲတင်းတင်း ဆက်လက်ကျူးလွန်ကြဖို့ အားပေးအားမြှောက် ပြုနေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ပံ့ပိုးကူညီတာအားလုံးကို အဆုံးသတ်ဖို့ နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့တာတွေ ချမှတ်ဖို့ အတွက်လည်း တောင်းဆိုထားပါသေးတယ်။
